မလှိုင်မြို့နယ် နှောကန်တိုက်နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်နေရာ အစားထိုးရွေးချယ်ပွဲကျင်းပ

မလှိုင် စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်နှောကန်တိုက်နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော် (၁)ပါးနေရာ အစားထိုးရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သံဃနာယကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး မိတ္ထီလာခရိုင်သာသနာရေးမှူး ဦးစိုင်းထွန်းလွင်ဦးက သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်အစားထိုး ရွေးချယ်ဖွဲ့စည်းရေးအမိန့်အား ဖတ်ကြားလျှောက်ထားခဲ့သည်။ ယင်းနောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ သာသနာ့ဝေပုလ္လကျောင်းတိုက်  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကောဝိဒဆရာတော်အား ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာပတိ အဖြစ်တင်မြှောက်ပြီး၊ သဘာပတိဆရာတော်မှ သြဝါဒကထာမိန့်ကြားတော်မူသည်။ ထို့နောက် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် အရည်အချင်းများအား နိုင်ငံတော်ဗဟိုသံဃ့ဝန်ဆောင်ဆရာ တော်၊ မိတ္ထီလာမြို့ ပထမကျော် ဓမ္မစရိယတိုက်သစ်ကျောင်း ပဓါနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာစာရက လျှောက်ထားတော်မူသည်။

ထို့နောက် သက်ဆိုင်ရာဆရာတော်များက အဆိုပြုလွှာနှင့်ထောက်ခံလွှာများလျှောက်ထားတော်မူပြီး သံဃဆန္ဒရယူ၍ သဘာပတိဆရာတော်က သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်အဖြစ် သပြေပင်ကျေးရွာအုပ်စု၊ ဉာဏ်ကံကျောင်းဆရာတော် ဘဒ္ဒန္တပညာသာမိ (သာသနာ့ဓဇ ဓမ္မာစရိယ၊ ဘာသန္တရဆေကမဟာဓမ္မာစရိယ MA)အား သာဓုသုံးကြိမ်ခေါ်ဆို၍ အတည်ပြုရွေးချယ် ပေးခဲ့ပြီး  အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ရွေးချယ်ပွဲသို့ အခမ်းအနားသို့ မိတ္ထီလာခရိုင်သာသနာရေးမှူး ဦးစိုင်းထွန်းလွင်ဦးနှင့်တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေး၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးသိန်းဟန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ရွေးချယ်ပွဲအပြီးတွင် သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အောင်ဌေး (မလှိုင်)