ကျောက်ဖြူမြို့၌ မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲ အခမ်းအနားကျင်းပ  

ကျောက်ဖြူ   စက်တင်ဘာ  ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများမှ တခဲနက်လာ‌ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ  ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် ဘင်ခရာတပ်ဖွဲ့တို့က ကွင်းအတွင်းရှိ သတ်မှတ်နေရာများ၌ နေရာယူကြပြီး အလေးပြုခံစင်မြင့်ပေါ်မှ ခရိုင်ပညာရေးမှူးကို အလေးပြုကြသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေးက အဖွင့်အမှာစကားပြောကြားပြီး စစ်ကြောင်းမှူးမှ ဦးဆောင်ကာ ပြိုင်ပွဲဝင်ကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်အား ရွတ်ဆိုကြသည်။ ယင်းနောက် ခရိုင်ပညာရေးမှူးနှင့်အဖွဲ့မှ ယှဉ်ပြိုင်ကစားကြမည့် အ.ထ.က(၃) ဘောလုံးအသင်းနှင့် အ.ထ.က-ဆင်ဘုတ်ကျွန်းချောင် ဘောလုံးအသင်းတို့မှ အားကစားသမားများကို လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး ကျောင်းသူလေးများက ပြိုင်ပွဲဝင်ကစားသမားများကို ဂုဏ်ပြုပန်းစည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပရာ အ.ထ.က(၃) ဘောလုံးအသင်းနှင့် အ.ထ.က-ဆင်ဘုတ်ကျွန်းချောင် ဘောလုံးအသင်းတို့သည် တစ်ဘက်နှင့်တစ်ဘက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲပြီးဆုံးချိန်တွင် အ.ထ.က-ဆင်ဘုတ်ကျွန်းချောင်အသင်းမှ အ.ထ.က(၃)ဘောလုံးအသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။

အဆိုပါ ကျောက်ဖြူမြို့နယ် ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း (၂၀) သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ စက်တင်ဘာလ (၂၆)ရက်နေ့မှ အောက်တိုဘာလ(၂၃)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ အသင်းအုပ်ချုပ်သူ နည်းပြများ၊ ကာယ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ပျော်ရွှင်စွာဖြင့် တခဲနက်လာရောက် အားပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း