ဒလမြို့နယ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၃၅၀ အား စားသောက်ကုန်(၉)မျိုး ထောက်ပံ့လှူဒါန်း

ရန်ကုန် အောက်တိုဘာ  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်း၌ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အမှန်တစ်ကယ် အခက်အခဲရှိသော တံတားချောင်း စံပြကျေးရွာအုပ်စု  စံပြ(၇)လမ်းရှိ  အခြေခံလူတန်းစား အိမ်ထောင်စု ၃၅၀ အတွက် အခြေခံ စားသောက်ကုန် ၉ မျိုးကို ယနေ့ မွန်းလွဲ ၁ နာရီက ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။  

ထိုသို့ လှူဒါန်းရာတွင်  Excellent Fortune Development Group ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ မိသားစု EFD Group မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေသောကာလအတွင်း အခြေခံစားသောက်ကုန်များ လှူဒါန်းပေးလျက်ရှိရာ  ဒလမြို့နယ် တံတားချောင်း စံပြကျေးရွာ အုပ်စု စံပြ(၇)လမ်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၃၅၀  အတွက် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်၊ ဆီ ၁ ပိဿာ၊ အာလူး ၁ ပိဿာ၊ ကော်ဖီ ၁ ပါကင်၊ ကြက်ဥ ၁၀ လုံး၊ ဆား ၁ ထုပ်၊ မြေပဲ ၁ ထုပ်၊  နို့ဆီ ၁ ဘူးနှင့် နှာခေါင်းစည်း ၁ ဘူး စသည့် အခြေခံစားသောက်ကုန်များကို လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခုလိုလာရောက် လှူဒါန်းတာ အရမ်းဝမ်းသာတာပေါ့၊ ကျူးကျော်မှာနေရတဲ့ ကျွန်မတို့ မရှိဆင်းရဲသား ပြည်သူတွေကို စားဝတ်နေရေး အရမ်းခက်ခဲနေတဲ့အချိန်မှာ စားသောက်ရေးအတွက် ဖြည့်ဆည်းပေးလို့ ပြောမပြတတ်အောင် ကျေးဇူး တင်ပါတယ်၊ ကျန်းမာချမ်းသာကြပါစေ” ဟု  စံပြ(၇)လမ်းနေ ဒေသခံပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းရာသို့ EFD Group မှ  တာဝန်ရှိသူများ၊  မြို့နယ် အုပ်ချုပ်ရေး မှူး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ၏ အိမ်ရှေ့လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရသည်။       

နိုင်လင်းကျော်(ဒလ)