ဂွမူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ဂွ စက်တင်ဘာ  ၂၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဂွမူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေးက  ကလေးငယ်များ၏ ကာယ၊ ညာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံ ရေး၊ စိတ်ခံစားမှု၊ အဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများရရှိစေရေးအတွက် စနစ်တကျပြုစုပျိုးထောင်ပေးရန်၊ ရင်သွေးငယ်များသည် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် အခွင့်အလမ်းများဖန်တီးပေးရန် လိုအပ်ပါကြောင်း၊ ယှဉ်ပြိုင်ရာတွင်လည်း ဆုရရှိရေးထက်ယှဉ်ပြိုင်မှုကိုသာ အဓိကထားကြရန် အဖွင့်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ဂွမူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်နှင့် လက်ချောင်းပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများအားမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီညီထွန်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်‌ကြင်ယုနှင့် ဒေါ်မကြူ၊ ဂွမူလတန်းကြိုကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဦးနွယ်နှင့် တာဝန်ရှိသူများက ဆုများကိုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်