နွားထိုးကြီး စက်တင်ဘာ ၂၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ ကျောင်းသားလူငယ်များအသိကညာ ဗဟုသုတတိုးပွားစေပြီး နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် သားကောင်းရတနာများ ဖြစ်ထွန်လာစေရေး ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့ရှေ့အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ ဆင်းရဲနွမ်းပါးမှု၊ မိသားစုဦးရေများပြားမှု၊ မသင်မနေရ ပညာရေးသို့ တက်ရောက်နိုင်ရန် အခွင့်အလမ်းနည်းပါးခြင်း၊ ရှေးရိုးရာစွဲဓလေ့ထုံးစံများကို လက်ခံကျင့်သုံးနေမှု၊ အလုပ် အကိုင်အခွင့် အလမ်းနည်းပါးမှု၊ အလုပ်သမားအခွင့်အရေးနှင့် ကလေးသူငယ်အရေးကို အလေးမထားသည့် အလုပ်ရှင်များရှိနေခြင်း၊ မကြာခဏ ရွေ့ပြောင်းသွားလာနေထိုင်ရခြင်း၊ မိသားစုတွင် ကလေးအရွယ်များပြားမှုနှင့် မိမစုံဖမစုံဖြစ်မှုတို့ကြောင့် ဖြစ်ကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင့်လွင်ဦးနှင့် ရုံးဝန်ထမ်းများ၊ မြို့ရှေ့အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးမင်းနိုင်နှင့် ဆရာ၊ ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်