ရန်ကုန် စက်တင်ဘာ ၂၇
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၁ အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Mekong - Lancang Cooperation :Project on Promotion of the Value of the National Skills Recognition Certificate through Skills Development System ခေါင်းစဉ်ဖြင့် ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတွင် အကျုံးဝင်သည့် အထည်ချုပ်လုပ်ငန်းအတွက် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲကို မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်စက်တင်ဘာလ (၂၅) ရက်နေ့တွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပခဲ့သည်။
မဲခေါင်ဒေသတွင် ကမ္ဘောဒီးယား၊ လာအို၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့်နိုင်ငံများပါဝင်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအောက်တွင် လုပ်ငန်းကဏ္ဍကြီး (၄) ခုဖြစ်သော ဆောက်လုပ်ရေးကဏ္ဍ၊ ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ၊ သတ္တုနှင့်အင်ဂျင်နီယာကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကဏ္ဍဆိုပြီး ကဏ္ဍကြီး (၄)ခု ရှိသည့်အနက် ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲကို ကျင်းပခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong၊ ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးတို့က တက်ရောက်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူး ဒေါ်မြမြသက်က ရှင်းလင်းဆွေနွေးခဲ့သည်။
ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ”သတ်မှတ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က “ထုတ်လုပ်မှုကဏ္ဍမှာ အထည်ချုပ်လုပ်ငန်း၊ ဖိနပ်၊ သားရေအိတ်လုပ်ငန်း၊ ယွန်းယက်ကန်းနှင့် အထည်အလိပ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနှင့် နို့နှင့်နို့ထွက်ပစ္စည်း၊ ကြွေထည်မြေထည်လုပ်ငန်းနှင့် အခြားထုတ်လုပ်မှုတွေပါပါတယ်၊ မဲခေါင်-လန်ချန်းစီမံကိန်းက “Skill Development Program” ဖြစ်ပါတယ်။ ကျွမ်းကျင်မှု လက်မှတ်ထုတ်ပေးရေးနဲ့ ကျွမ်းကျင်မှု အသိအမှတ်ပြုတဲ့လက်မှတ်ရဲ့ တန်ဖိုးကိုမြှင့်တင်ပေးတဲ့ project လည်းဖြစ်ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းမှာ ကျွမ်းကျင်မှုစံသတ်မှတ်ထားပြီးဖြစ်တဲ့ အထည်ချုပ်လုပ်ငန်း၊ ဂဟေဆော်လုပ်ငန်းနဲ့ အုတ်စီတဲ့လုပ်ငန်းရယ်၊ လျှပ်စစ်သွယ်တန်းတဲ့လုပ်ငန်းရယ်၊ (၄) ခုပါဝင်ပါတယ်။ ဒီလုပ်ငန်း (၄) ခုကို စီမံကိန်းအောက်မှာထည့်ပြီး သင်တန်းတွေပေးပါတယ်၊ အလုပ်သမား (၁၀၀၀) ကို ကျွမ်းကျင်မှု Level အဆင့် (၁) ရအောင်လုပ်ပေးရမယ်၊ အဲ့ထဲက (၅၀၀)ကို အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးရမယ်၊ လုပ်ပေးနိုင်ခဲ့တယ်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းမှာ ကျွမ်းကျင်မှုကို တိုးတက်အောင်လုပ်ပေးခြင်းဖြင့် အလုပ်သမားတွေက ကျွမ်းကျင်လာရင် ထုတ်လုပ်မှုတိုးတက်မယ်၊ ထုတ်လုပ်မှု တိုးတက်ရင်လုပ်ငန်းဝင်ငွေလည်း တိုးတက်မယ်၊ တစ်ဦးချင်းစီရဲ့ ဝင်ငွေလည်းတိုးတက်မယ်၊ နိုင်ငံရဲ့စီးပွားရေးလည်းတိုးတက်မယ်၊ ကျွမ်းကျင်မှုအသိအမှတ်ပြုတဲ့ လက်မှတ်ကိုလည်း တန်ဖိုးပိုထားတတ်အောင် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
“အဓိကကတော့ ကျွမ်းကျင်လုပ်သားမွေးထုတ်တယ်ဆိုတာက စီမံကိန်းလျာထားပြီး ဆောင်ရွက်လို့မရပါဘူး၊ လက်ရှိလုပ်သားဈေးကွက်မှာ လိုအပ်နေတာဘာလဲ၊ ဘယ်လိုကျွမ်းကျင်မှုတွေ လိုအပ်လဲဆိုတာကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဌာနတွေ၊ အဖွဲ့အစည်းတွေက သိဖို့လိုပါတယ်။ ဒါမှသာ လုပ်သားဈေးကွက်ကလိုတဲ့ ကျွမ်းကျင်မှုကို ချိတ်ဆက်ပေးနိုင်မှာဖြစ်ပါတယ်၊ ဒီအသိပညာပေးပွဲကတော့ အားလုံးအတွက် လိုအပ်တဲ့အကျိုးရှိတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်၊ ဆွေးနွေးပွဲကနေတဆင့် ရလာတဲ့ဆွေးနွေးချက်၊ ရလဒ်တွေကို ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူး ဒေါ်မြမြသက်ကပြောကြားခဲ့သည်။
ယင်းဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ထုတ်လုပ်မှုကဏ္ဍတွင် အကျုံးဝင်သည့် အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ နို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်း၊ Myanmar Engineer Society စသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သူများနှင့် အထည်ချုပ်စက်ရုံ၊ အလုပ်ရုံများမှ Assessment Centre တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ စုစုပေါင်း (၁၃၆) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)