ထန်းတပင် စက်တင်ဘာ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်ပသို့မွေးမြူရေး ရေချိုပုစွန်များ တင်ပို့နိုင်ရေးအတွက် ဒေသခံပုစွန်မွေးတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ရုံးချုပ် (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြမြဆင့်က မြို့နယ်အတွင်းရှိ ရေချိုပုစွန်မွေးမြူသော တောင်သူများအား မွေးမြူရေကန်များ GACC သို့ တင်ပို့ရန်အတွက် မှတ်ပုံတင်ရန်လိုအပ်ချက်များ၊ မှတ်ပုံတင်ရန်အချက်အလက်များ တောင်းခံခြင်း၊ မှတ်ပုံတင်ရန်အတွက် လိုအပ်အချက်အလက်များ၊ မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ တင်ပို့မည့်မွေးမြူရေး ရေထွတ်ကုန်များစာရင်း၊ မွေးမြူရေးထုတ်ကုန်များနှင့် စပ်လျဥ်း၍ GACC မှ တောင်းခံလာသည့်အချက်များ၊ မြန်မာနိုင်ငံရေထွတ် ကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းစဥ်များ၊ အစာထုတ်လုပ်သူ၊ သားဖောက်ရုံ၊ အစာဖြန့်ဝေသူ၊ သားဖောက်ရုံမှ မွေးကန်သို့သယ်ယူသည့် လမ်းတလျောက် အထောက်အထားစာရွက်စာတမ်း၊ ဓာတုပစ္စည်းထောက်ပံ့သူများ၊ မွေးမြူရေးကန်များ GACC စနစ်ဖြင့် မွေးမြူရေးများအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်က ပြုပြင်ထုတ်လုပ်မှု၊ ပြည်ပတင်ပို့သူများအကြောင်း ဟောပြောဆွေးနွေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်က ဖြည့်စွက်ဆွေးနွေးကာ တက်ရောက်လာသော မွေးမြူရေးတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမွေးမြူရေးရေချိုပုစွန် အသင်းဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမြင့်က ပြည်ပသို့မွေးမြူရေးပုစွန်တင်ပို့မှုနှင့် ပြည်တွင်းရေချို ပုစွန်မွေးမြူနေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)