နမ့်ခမ်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအား ကွင်းဆင်းဆောင်ရွက်

နမ့်ခမ်း စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုလိုစိတ်ရှိလာစေရန် ရည်ရွယ်ပြီး အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်​ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က (၂) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ နမ့်ခမ်းမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ကျောင်းသား၊ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကိုလည်းကောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် သုတ/ရသစာပေများ၊ မဂ္ဂဇင်းများ၊ ရုပ်ပြပုံပြင်များ၊ က‌လေးကဗျာများ စသည့် ကလေးများ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုစေပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ အ.ထ.က (၂)ကျောင်းမှ ကျောင်းသား‌၊ ကျောင်းသူများ စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်းနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဝန်ထမ်းများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရှိရပါသည်။

နမ့်ခမ်း(ပြန်/ဆက်)