စဉ်ကိုင်၊ အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပထမအကြိမ်မဲရုံမှူးသင်တန်းကို ယနေ့နံနက် (၉)နာရီက တရုတ်စုရပ်ကွက်မြို့ ဦးပရိယတ္တိစာသင်တိုက် ဇာမဏီဓမ္မသာလဓမ္မာရုံတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကံမြင့်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးအောင်ဆန်းဦးက သင်တန်းတွင်ပို့ချသွားမည့် ဘာသာရပ်များနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င်များက သင်တန်းကို ဆက်လက်ပို့ချခဲ့ရာ သင်တန်းတွင် မဲရုံမှူး၊ မဲရုံအဖွဲ့၀င်များခန့်ထားခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များ ထုတ်ပြန် ကြေညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုပြစ်ဒဏ်များနှင့် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ပုံစံ ဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့်လုံခြုံရေး အိတ်များထုတ်ပိုးခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးလုပ်ငန်းတာ၀န်များ၊ ပြန်လည်ဆွေးနွေးခြင်းများဖြင့် သင်တန်းကို ပို့ချသွားမည် ဖြစ်ကြောင်း နှင့်ပထမအကြိမ် သင်တန်းတွင်ရပ်ကွက်/ကျေးရွာအုပ်စုရှိမဲရုံ (၁၅) ရုံမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၊ မဲရုံမှူး၊ ဒုမဲရုံးမှူး သင်တန်းသား/သင်တန်းသူ (၃၀) ဦးဖြင့် ပို့ချသင်ကြားသွားမည် ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်ဆန်းဦးထံက သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်၊ ပြန်/ဆက်)