ဟိုပန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ "လူငယ်စကားဝိုင်း"ကျင်းပ

ဟိုပန် စက်တင်ဘာ ၂၇

ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများကြွယ်ဝစေရန်အတွက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဟိုပန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟိုပန်ခရိုင်ပညာရေးမှူး ဒေါ်နောအံကြူးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ခရိုင်ဦးစီးမှူး ဦးသိန်းအောင်က စီစဉ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ကာ Grade-10 ကျောင်းသူ မဆုလဲ့နှင်းဝေက  "လူငယ်နှင့်ပညာရေး"၊ Grade-10 ကျောင်းသား မောင်ဥက္ကာကျော်က  "လူငယ်နှင့်ကျန်းမာရေး"၊ Grade-10 ကျောင်းသူ မလင်းလက်မြင့်မိုရ်က “လူငယ်နှင့်ရည်မှန်းချက်”၊ Grade-11 ကျောင်းသား မောင်အိုက်ဆန်ပေါင်းက "လူငယ်နှင့်မူးယစ်ဆေး"၊ Grade-11 ကျောင်းသူ မနန်းအိထွေးက  "လူငယ်နှင့် စာရိတ္တ" စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အထက်တန်းအဆင့် ကျောင်းသား/သူများက သိရှိလိုသည်များအား မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြသည်။

ယင်းနောက် လူငယ်စကားဝိုင်း၌ ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင်​ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မေတ္တာလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)