ဆီဆိုင် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က ပင်စုံကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဆီဆိုင်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇင်ဘိုဘိုအောင်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း ရပ်ကွက်/ ကျေးရွာအုပ်စုများအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ရရှိနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)