လားရှိုး စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မော်လမြိုင်ဒေသထွက် ကျွဲကောသီးများ ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရသည်။
လားရှိုးမြို့တွင် ကျွဲကောသီးတစ်လုံးလျှင် အနိမ့်ဆုံးဈေး သုံထောင်ကျပ်မှ လေးထောင်ငါးရာကျပ်အထိ ဈေးရှိပြီး ဝယ်ယူစားသုံးသူများလျက်ရှိနေကြောင်း သိရသည်။
“ကျွဲကောသီးတွေကို မော်လမြိုင်ကနေ မှာယူပြီးရောင်းချတာပါ။ မော်လမြိုင်ကနေ မန္တလေး၊ မန္တလေးကနေ လားရှိုးကို တစ်ဆင့်ပြန်ပို့ပေးတာပေါ့။ တစ်ခါမှာယူရင်အလုံးရေ ထောင်ချီပြီးမှာယူပါတယ်။ နှစ်ရက်လောက်ဆိုရင် ရောင်းကုန်တယ်။အခုက တရုတ်လမုန့်စားပွဲလည်း နီးလာတော့ ပိုပြီးရောင်းအား ကောင်းပါတယ်။” ဟု ကျွဲကောသီးရောင်းချသူတစ်ဦးကဆိုသည်။
လားရှိုးမြို့တွင် ရောင်းချသည့် ကျွဲကောသီးကို မူဆယ်၊ ကျောက်မဲ၊ လောက်ကိုင်မြို့များမှ ဝယ်ယူမှုများလည်း ရှိသဖြင့် တင်ပို့ပေးရကြောင်း သိရသည်။
ကျွဲကောသီးသည် အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ခြင်း၊ အမျှင်ဓါတ်ကြွယ်ဝခြင်း ၊ ဝိတ်ထိန်းဖို့ ကူညီပေးခြင်း၊ နှလုံးကျန်းမာဖို့အထောက်အကူဖြစ်ခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်နိုင်ခြင်း၊ ကင်ဆာဆဲလ် များကို တိုက်ဖျက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)