ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပါတီဝင်အင်အားစာရင်းများ စစ်ဆေးမှုခံယူနေသည့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများမှ ပါတီတာဝန်ခံများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

လားရှိုး စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပါတီဝင်အင်အားစာရင်းများ စစ်ဆေးမှုခံယူနေသည့် မှတ်ပုံတင်ခွင့်ပြုပြီးနိုင်ငံရေးပါတီ(၆)ပါတီမှ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ပါတီတာဝန်ခံများနှင့် ညှိနှိုင်းအစည်းအဝေးကို လားရှိုးမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့ ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရွေးကောက်ပွဲအရာရှိ ဦးနှစ်ဆန်းဦး က ­­ ရှင်းလင်းဆွေးနွေးပြောကြားရာတွင် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော နိုင်ငံရေးပါတီများက  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့‌ ပေးပို့တင်ပြလာသော ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ/မရှိကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ စိစစ်ဆောင်ရွက်ပြီးစီးမှုများတွင် နိုင်ငံရေးပါတီများက ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် နိုင်ငံရေးပါတီတာဝန်ခံများက ဆောင်ရွက်ချက်များ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ "ဝ"အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ခရိုင်(ပြန်/ဆက်)