လားရှိုးမြို့တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသထွက် ဖရဲသီးများ လာရောက်ရောင်းချရာ ဈေးကောင်းရလျက်ရှိ

လားရှိုး စက်တင်ဘာ ၂၇

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးဖြစ်ထွန်းသော ဖရဲသီးများ လားရှိုးမြို့တွင် လာရောက်ရောင်းချလျက်ရှိနေကြပြီး ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ဖရဲသီးများကို လားရှိုးမြို့ရှိ လူစည်ကားရာနေရာများဖြစ်သည့် လမ်းမတော်လမ်း၊ ဘူတာလမ်း၊ သီပေါလမ်း၊ သိန္နီလမ်းတစ်ဝိုက်တွင် ရောင်းချနေသည်ကို တွေ့မြင်နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့က စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးဘက်မှာ စိုက်ပျိုးတဲ့ ဖရဲသီးတွေကို လာရောင်းတာပါ။ ဒီမြို့ကိုတော့ တစ်ခါမှ မရောက်ဖူးဘူး။ မိတ်ဆွေတချို့က ဒီမြို့မှာ ဖရဲသီးလာရောင်းကြတာ အဆင်ပြေတယ်ဆိုလို့ ရောက်လာတာပါ။ အရင်နှစ်တွေတုန်းကတော့ မူဆယ်မှာ သွားရောင်းဖူးပါတယ်။” ဟု ဖရဲသီးရောင်းချသူတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် လာရောက်ရောင်းချသည့် ဖရဲသီးတစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၂၅၀၀ ကျပ်ထိ ဈေးရှိကြောင်း သိရသည်။

ဖရဲသီးသည် ရေဓါတ်ပေါကြွယ်ဝစွာ ပါဝင်သည့်အတွက် ရေအစားထိုးအနေဖြင့် စားသုံးနိုင်သကဲ့သို့ အပူကင်းအောင် စားပေးသင့်သည့် အသီးတစ်မျိုးဖြစ်ကြောင်း၊ ဖရဲသီးကို စားပေးခြင်းဖြင့် ပန်းနာရင်ကျပ်၊ လေးဘက်နာ၊ အဆစ်အမြစ်ရောင်ရောဂါနှင့် အရိုးဆိုင်ရာရောဂါများကို ဖြစ်နိုင်ခြေလျော့နည်း ကောင်းမွန်စေခြင်း၊ ဖရဲသီးတွင် ပါဝင်သော ရေနှင့် အမျှင်ဓါတ်ကြောင့် အစာချေဖျက်ခြင်းနှင့် အဟာရစုပ်ယူခြင်းကို ထိရောက်စွာ ကူညီပေးပြီး ဝမ်းမှန်စေကြောင်း သိရသည်။  

စိုင်းထွန်း(လားရှိုး)