နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘိုးဘွားရိပ်သာများနှင့် ပရဟိတကျောင်းများသို့ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ပျဉ်းမနား စက်တင်ဘာ ၂၇

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား စောင့်ရှောက်လျက်ရှိသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ရေရှည်တည်တံ့စေရေးအတွက် နိုင်ငံတော်ကိုယ်စား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့မှုများပေးနိုင်ရန်နှင့် တည်ထောင်ထားရှိသော ဂေဟာ၊ ရိပ်သာ၊ ကျောင်းများတွင် လက်ခံစောင့်ရှောက်ထားသူများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ နည်းစနစ်ကျကျ စောင့်ရှောက်မှုများပေးနိုင်ရန်ရည်ရွယ်၍ မိမိတို့အစီအစဉ်ဖြင့် တည်ထောင်ဖွင့်လှစ်ထားသော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ မသန်စွမ်းဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ ကိုယ့်အားကိုယ့်ကိုးမူလတန်းကြိုကျောင်းများအား ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ် အတွင်းရှိ ဘိုးဘွားရိပ်သာ များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေ၊ နေပြည်တော်သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထောက်ပံ့ကြေး ရရှိခဲ့သည် ပျဉ်းမနားမြို့နယ်အတွင်းရှိ ပျဉ်းမနားဘိုးဘွားရိပ်သာအား  ထောက်ပံ့ငွေကျပ် ၅၀၆၄၀၀၀၊ စက်ရုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအား ထောက်ပံ့ငွေကျပ် ၈၇၄၈၀၀၀၊ ရွှေချီရပ်ကွက်၊ မိခင်နှင့်ကလေး ကိုယ့်အားကိုယ့်ကိုးမူလတန်းကြိုကျောင်းအား ထောက်ပံ့ငွေကျပ် ၉၆၀၀၀၀ နှင့် အေးငြိမ်းချမ်းသာဂီလာနဘိုးဘွားရိပ်သာအား ထောက်ပံ့ငွေကျပ် ၁၆၇၄၀၀၀၊ စုစုပေါင်းငွေကျပ် ၁၆၄၄၆၀၀၀အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော ဂေဟာများအား ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)