ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေး

တောင်ကြီး  အောက်တိုဘာ  ၁၉

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ပြည်နယ် အဆင့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီခွဲအချိန် က ရှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန သုံးထပ်ဆောင် အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲ၌ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနန်းမားလိုင်းဆိုင် က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများ က သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ ကြပြီး၊ မေးမြန်းဆွေးနွေးချက်များကို တာဝန်ရှိပုဂ္ဂိုလ်များ က ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် အိတ်ခ်ျပီဗီ ကာကွယ်ဆေးကို အောက်တိုဘာလ ၂၀ ရက်နေ့မှစတင်၍ နိုဝင်ဘာလအထိ အသက်(၉)နှစ်မှ ၁၄နှစ်အရွယ် အမျိုးသမီးငယ်လေးများကို ပထမအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း အသိ ပေးဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ပြည်နယ်/ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် ပညာရေးဦးစီးဌာန၊ ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ စဝ်စံထွန်းဆေးရုံကြီး၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ သူနာပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ်အမျိုးသမီးရေးရာ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)