ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာတီးဝိုင်းများ စွမ်းရည်ပြပြိုင်ပွဲနှင့် တက္ကသိုလ်ဝင်တန်း‌အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား စက်တင်ဘာ ၂၇

ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာကျောင်းများမှ ဘင်ခရာတီးဝိုင်းများ၏ စွမ်းရည်ပြပြိုင်ပွဲအား စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့၊ ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာတီးဝိုင်းများသည် အားကစားနည်းတစ်ခုလည်း ဖြစ်သည့်အပြင် ဘင်ခရာတီးဝိုင်းများ တီးခတ်ပါဝင်ခြင်းဖြင့် ကျင်းပသောအခမ်းအနားများသည် ပို၍ခမ်းနားတင့်တယ်စေပါကြောင်း၊ နိုင်ငံတော်အဆင့်အခမ်းအနားများ၊ အထိမ်းအမှတ်ပွဲများနှင့် ဖွင့်ပွဲအခမ်းအနား အမျိုးမျိုးတို့တွင် ဘင်ခရာတီးဝိုင်းများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်းနှင့် သို့ဖြစ်ပါ၍ လာမည့်ပညာသင်နှစ်များတွင်လည်း အခြေခံပညာကျောင်းများ၌ ဘင်ခရာတီးဝိုင်းများ တိုးချဲ့ထားရှိကာ ယှဥ်ပြိုင်မှုများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ကြရန် မှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူ ဘင်ခရာတီးဝိုင်းအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲအားကျင်းပပြုလုပ်ရာ မြစ်ကြီးနားမြို့ အ.ထ.က(၁) ဘင်ခရာတီးဝိုင်းအဖွဲ့မှ ‘ပြည်သူ့သားကောင်း’ ၊ ‘ဆွမ်ပရာဘွမ်’ တေးသီချင်း ဖြင့်လည်းကောင်း၊ ဝိုင်းမော်မြို့နယ် အ.ထ.က (၂) ဘင်ခရာတီးဝိုင်းအဖွဲ့မှ ‘ပန်းကုံး’ ၊ ‘ပန်းကမ္ဘာမျှော်စဥ်’ တေးသီချင်းဖြင့် လည်းကောင်း၊ မြစ်ကြီးနားမြို့ အ.ထ.က(၉) ဘင်ခရာတီးဝိုင်းအဖွဲ့မှ ‘တူယှဥ်ကာတိုက်စို့’ ‘မမေ့နိုင်တဲ့မြေ’ တေးသီချင်းဖြင့် လည်းကောင်း၊ မိုး‌ကောင်းမြို့နယ် အ.ထ.က (၁) ဘင်ခရာတီးဝိုင်း အဖွဲ့မှ ‘ဒို့စစ်သည်’ ၊ ‘မေတ္တာ၊ ဂရုဏာ၊ မုဒိတာ’ တေးသီချင်းဖြင့်လည်းကောင်း စွမ်းရည်ပြတီးမှုတ် ဖျော်ဖြေကာ ယှဥ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာစွမ်းရည်ပြတီးမှုတ်မှုတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများရရှိခဲ့သော ဘင်ခရာတီးဝိုင်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဥ်း၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအပေါ် ‌ဆောင်ရွက်သွားမည့် အခြေအနေများ၊ လိုအပ်ချက်၊ အခက်အခဲများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြ‌ရေး တိုက်တွန်း ပြောကြားသည်။

ထို့နောက် ဦးစီးဌာနအလိုက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်‌ဆောင် ရွက်လျက်ရှိသည့် လမ်း၊ တံတား၊ အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများ၊ အားကစားရုံတည်ဆောက်ခြင်းလုပ်ငန်း၊ မြို့တော်ခန်းမအသစ် တည်ဆောက်ခြင်းလုပ်ငန်းအပါအဝင် စီမံကိန်းလုပ်ငန်းပေါင်း (၄၇)ခု ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား သက်ဆိုင်ရာလုပ်ငန်းစီမံကိန်းများအလိုက် အသီးသီးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများ ဖြစ်သည့်အတွက် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် ရန်ပုံငွေများအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစီမံ သုံးစွဲနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် မွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်‌‌ရေးအတွက် ကချင်ပြည်နယ်ဒေသ ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များနှင့်တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်းဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းကော်မတီများကိုဖွဲ့စည်းပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူး၊ ဦးဇော်လှိုင်ဝင်းက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များ၊ ကချင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်း ကော်မတီဖွဲ့စည်းထားရှိမှု၊ ပြည်နယ်အဆင့် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းထားမှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းလုပ်ငန်းများ စာရင်းချုပ်အား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီတို့၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ကချင်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများက မိမိတို့ကျရာကဏ္ဍများတွင် အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ကြနိုင်‌ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူပဲ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 ‌အောင်ချက်မြင့်မားရေးအတွက် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး၊ ပြည်နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေး‌နွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် အောင်ချက်ရာခိုင် နှုန်း ၇၄.၀၃ ရာခိုင်နှုန်းရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယအဆင့်ရရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်လည်း တက္ကသိုလ်ဝင်တန်း Grade-12 ‌အောင်ချက်မြင့်မားရေးအတွက် ပညာရေးမြင့်တင်မှုကော်မတီနှင့် ဆပ်ကော်မတီအသီးသီးကိုဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများ၏ သင်ကြားရေးလိုအပ်ချက်များ၊ အနီးကပ်စခန်းသွင်းလေ့ကျင့်စဥ် ကျန်းမာရေးနှင့်အခြားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း Grade-12 ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် အမှတ်ပေးစည်းမျဥ်းနှင့်အညီ ဂုဏ်ထူးများရရှိ‌အောင် ဖြေဆိုနိုင်ရေးဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြပြီး ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးက ပညာရေးမြှင့်တင်မှုကော်မတီ၏ စီမံချက် Work Plan ကို ရှင်းလင်းတင်ပြရာ ပါမောက္ခချုပ်များနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေး‌နွေးတင်ပြခဲ့ကြသည်။ ယင်း‌နောက် တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းအကျိုးတော်ဆောင် ရပ်မိ၊ ရပ်ဖများအားလုံးက တက်ညီလက်ညီဖြင့် စည်းလုံးညီညွှတ်စွာ ဝိုင်းဝန်းကြိုးစား‌ ဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)