မြစ်ကြီးနား စက်တင်ဘာ ၂၇
ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် မြစ်ကြီးနားမြို့ အပါအဝင် ခရိုင်မြို့ကြီးများအားလုံးတွင် အခွန်လွတ်ဈေး၊ သက်သာဈေးများ ဖွင့်လှစ်၍ ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ဈေး၌ အခြေခံစားသောက်ကုန်များကို ရောင်းချပေးခဲ့သည်။
ထိုသို့ ရောင်းချပေးနေမှုများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က သက်သာဈေးတွင် စည်ပင်သာယာရေးအဖွဲ့မှ ကြက်၊ ဝက်၊ အမဲ၊ ငါးများ ရောင်းချပေးနေမှု၊ ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်းမှ မှော်ဘီဆန်ရောင်းချပေးနေမှု၊ ကချင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီရောင်းချပေးနေမှု၊ ဌာနဆိုင်ရာများ၊ သမဝါယမ အစုအဖွဲ့များ၊ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူများက ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား ရောင်းချပေးရာ ပြည်နယ်ဝန်ကြီးများက ပြည်သူများ စနစ်တကျ စီတန်းဝယ်ယူနေမှုတို့ကို ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့ကြပြီး ဝယ်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဖြေရှင်းပေးကြကာ ပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်၊ စားသုံးဆီများအား ရပ်ကွက်နေပြည်သူအားလုံး ဝယ်ယူရရှိနိုင်ရေး စနစ်တကျရောင်းချပေးရန်၊ ဟင်းသီးဟင်းရွက်နှင့် သား/ငါးများအား စားသုံးသူ အန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက်ပြီးမှ ရောင်းချသွားနိုင်ရေး၊ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးများသည် ဧရာရပ်ကွက် ရုံးကြီးလမ်း၊ လမ်းဘေးဝဲယာ တစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များကောက်ယူ သိမ်းဆည်းခြင်း၊ မြတ်ရိတ်ခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်အတူ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့တွင်းလမ်းမကြီးဖြစ်သည့်အတွက် အလှပန်းပင်များဖြင့် ဝေဆာလှပနေစေရေးနှင့် စဥ်ဆက်မပြတ် သန့်ရှင်းသပ်ရပ်နေစေရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့သည်။
ပြည်နယ်ပြန်/ဆက်