ကျိုင်းတုံ စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းဇင်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ယန်းလူး)တွင် ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစိုင်းဆမ်တစ်နှင့် အခြေခံပညာအထက်တန်းကျောင်း(ယန်းလူး) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဝင်းတို့က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးစိုးနိုင်က နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
လူငယ်စကားဝိုင်းတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့် အထက်တန်းပြဆရာမ ဒေါ်ဇင်မာနွယ်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကြပြီး အခြေခံပညာအထက်တန်းကျောင်း(ယန်းလူး)မှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ လူငယ်စကားဝိုင်းတက်ရောက်လာကြသည့် မြန်မာနိုင်ငံစာရေး ဆရာအသင်း အသင်းဝင်များက ဖြည့်စွက်ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းအတွင်း အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)