သာစည် စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ကျောင်းသား/သူများ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ခရိုင်နှင့်မြို့နယ်မှတာဝန်ရှိသူများ ယမန်နေ့နံနက်က ရွာကြီးကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ ဟောပြောခဲ့ကြောင်း သိရသည်
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မျိုးသီတာအေးက ကျောင်းသား/သူများအနေဖြင့် အသိပညာပေးဟောပြောသည့် အချက်အလက်များကို အလေးထားမှတ်သားကြရန်မှာကြားသည်။ ထို့နောက်ခရိုင်စားသုံးသူရေးရာဦးစီးဌာန စီမံရေးရာဌာနခွဲတာဝန်ခံဒေါ်ဖြူဖြူထွန်းက စားသုံးသူအခွင့်အရေး ၈ ချက် စားသုံးသူများ လိုက်နာရမည့်အချက် ၄ ချက်နှင့်ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များစသည်ဖြင့် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ပရိုဂျက်တာဖြင့်ပြသကာ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသက်ချိုဦး၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)