မိတ္ထီလာ စက်တင်ဘာ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အခြေခံပညာအထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ အ.ထ.က(၄)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်ဒေါ်လှမျိုးနွယ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပနေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းမှစာရေးဆရာရွှေညာမြေ မြတ်သင်းကြိုင်က ကျပန်းစကားပြောပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင် ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ပြိုင်ပွဲဝင်ကျောင်းသူ ကျောင်းသားများ စာပေမြင့်မှ လူမျိုးတင့်မည်၊ ယဉ်ကျေးမှုအမွေ ထိန်းသိမ်းစို့၊ ကျွန်တော့်ရည်မှန်းချက်၊ ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာပေလေ့လာစို့၊ ပညာရဲရင့်ပွဲလယ်တင့် ပြိုင်ပွဲခေါင်းစဉ်များကို မဲနှိုက်ရွေးချယ်၍ ပြိုင်ပွဲဝင်ကြသည်။ ၎င်းနောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဆုရရှိကြသော ကျောင်းသူကျောင်းသားများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ အ.ထ.က (၄) ကျောင်းအုပ် ဒေါ်ခင်မာချိုနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ချမ်းသာ