မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းသားများဖြင့် စာဖတ်ဝိုင်းပြုလုပ်

မြောက်ဦး စက်တင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းသားများနှင့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် ၂  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းသည်  စာပေမှရသောအသိပညာဗဟုသုတများကို အသုံးပြု၍ လက်တွေ့နယ်ပယ်တွင် တန်ဖိုးရှိသော လူမှုဘဝများဖြစ်လာစေရန်၊ စာပေကိုမြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်စသော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှု” စာအုပ်ပါ အကြောင်းအရာများထဲမှ Grade-9 ကျောင်းသူ မမိမိစိုးမှ “ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade-9 ကျောင်းသူ မခိုင်ခိုင်လင်း “လူ့တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မမြတ်နှင်းပွင့်မှ “မြန်မာစကားရဲ့သွင်ပြင်လက္ခဏာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီးနောက် အဆိုပါ စာဖတ် ဝိုင်းသို့ တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းသားများမှ အချင်းချင်းပြန်လည်ဆွေးနွေးကြရာ  ထိုဆွေးနွေးမှုအပေါ် ဒုတိယဦးစီးမှူးက  ထပ်ဆင့်ဆွေးနွေး ပြောကြားခဲ့သည်။

စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် Book Club ၊ Youth Club အသင်းဝင်များနှင့် စာဖတ်ပရိတ် သတ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်ခြင်းကြောင့် ရရှိလာမည့် အသိပညာဗဟုသုတများတိုးပွားလာမည်ဖြစ်သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ရုံးအနေဖြင့် ကျောင်းသူ/ကျောင်းသာများ၊ ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Talk Show များ၊ အသိပညာပေးဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင်ပြပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)