အင်းစိန်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားစေရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်၊ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က အမှာစကားပြောကြားပြီး အင်းစိန်မြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးစိန်က ကျေးဇူးတင်စကားပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုတင်ဆက်ကြသည်။

ထို့နောက် လူငယ်အသိပညာပေး ဟောပြောပွဲတွင် အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာ ရန်မိုးအောင်(အင်းစိန်)က ကြုံသလိုကျင်နာပါခေါင်းစဉ်ဖြင့် ဟောပြောပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲကို အင်းစိန်မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာပေမြင့်မှ လူမျိုးတင့်မည်၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ ယနေ့လူငယ်နောင်ဝယ်လူကြီး၊ ချစ်မြတ်နိုးစရာ မြန်မာ့အနုပညာနှင့်ပညာရဲရင့် ပွဲလယ်တင့်ခေါင်းစဉ်များဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်) ရုံးမှ ပြသထားသည့် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများကို ဉာဏ်စမ်း၊ မြှစ်ပစ်နှင့်စက်ဝိုင်းလှည့် ကစားနည်းများကိုကျင်းပပေးရာ ထူးချွန်သည့်သူများကို ကျောင်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို