ပျဉ်းမနား စက်တင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာတွင် ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရရှိသဖြင့် ငရုပ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်တွင် ငရုပ်သီးနှံများကို စိုက်ပျိုးမြေအနေအထားအပေါ်မူတည်၍ စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရာတွင် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်တန်းစိုက်ပျိုးခြင်း၊ နှစ်ပင်တန်းစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ ငရုပ်စိုက်တောင်သူများသည် ငရုပ်သီးများလှိုင်လှိုင်သီးချိန် သီတင်းကျွတ်လပြည့်ကျော်မှ နတ်တော်၊ ပြာသိုလထိ ငါးရက်တစ်ကြိမ် ခူးဆွတ်ရောင်းချရကြောင်း စိုက်ခင်းကျယ်ရင်ကျယ်သလို ငရုပ်အထွက်များကြောင်း သိရကာ ငရုပ်သီးခူးသမတစ်ဦးလျှင် တစ်နေကုန် ငါးထောင်ကျပ်ပေးငှားရကြောင်းနှင့် ထွက်ရှိလာသည့် ငရုပ်သီးများအား ကင်ပွန်းတန်းဈေးသို့ သွားရောက်ရောင်းချခြင်းနှင့် ငရုပ်သီးပွဲစားများ ရွာထိလာရောက်ဝယ်ယူကြကြောင်း ငရုပ်သီးတစ်ပိသာလေးထောင်ဈေးအောက် မကျရောက်နိုင်ကြောင်း အတက်ဈေးသာရှိနိုင်ကြောင်းနှင့် ငရုပ်စိုက်တောင်သူများ လိုချင်သည့်ဈေးနှုန်း ရရှိခြင်း ကြောင့် ငရုပ်စိုက်ပျိုးတောင်သူများအဆင်ပြေနေကြကြောင်း ငရုပ်စိုက်တောင်သူ ဦးစန်းဝဏ္ဏထံမှ သိရသည်။
ငရုပ်စိုက်တောင်သူကြီးများအနေဖြင့် ငရုပ်အထွက်တိုးစေရန်နှင့် ဈေးကောင်းရစေရန်အတွက် အပင်မစိုက်ခင် မျိုးရွေးချယ်ကတည်းက ဒေသနှင့်ကိုက်ညီပြီး အထွက်ကောင်းသောမျိုးများကို ရွေးချယ်ရန်နှင့် စိုက်ပျိုးရာတွင် စနစ်တကျ စိုက်ပျိုးရန်လိုအပ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မျိုးသီဟ(ပြန်/ဆက်)