လှည်းကူး စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေးက လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆို တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကို ဆောင်ရွက်ရာတွင် အစီအစဥ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွဲ့နှင့် အခြေခံပညာ အထက်တန်းကျောင်း (ရဲမွန်) မှ အထက်တန်းပြဆရာမ ဒေါ်မာမာဝေတို့က ဆောင်ရွက်ပြီး အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့က လူငယ်နှင့် စာပေ၊ လူငယ်နှင့် ယဥ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း အစရှိသည့် ခေါင်းစဥ်များကိုဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူ ကျောင်းသား/သူ(၅)ဦးမှ ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြ သည်။ ထို့နောက်အခြေခံပညာ အထက်တန်းကျောင်း (ရဲမွန်တပ်မြို့) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ တပ်မ (၁၁) ခြေမြန်တပ်မဌာနချုပ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မျိုးမင်းထွေးနှင့် ဇနီး၊ ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးခင်ဇော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသားမိဘများ၊ အခြေခံပညာအထက်တန်းကျောင်း(ရဲမွန်တပ်မြို့) မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)