မုဒုံမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အစီအစဉ်တွင် ထည့်သွင်းခြင်း မြို့နယ်အဆင့် အသိပညာပေးဆောင်ရွက်

မုဒုံ  အောက်တိုဘာ   ၁၉

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အစီအစဉ် တွင်ထည့်သွင်းခြင်းမြို့နယ်အဆင့် အသိ ပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၂) နာရီခန့်က မြို့နယ်ပြည်သူ့ဆေးရုံဝင်း ပြင်ပလူနာ ဆောင် သစ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဇော်ဦးက အိတ်ချ်ပီဗီကာကွယ်ဆေးကိုပုံမှန် ကာကွယ် ဆေးထိုးအစီအစဉ်တွင် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဆရာ၊ဆရာမများ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ စနစ်တကျဆောင်ရွက်ရန် အဖွင့်အမှာစကားပြောကြာပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာမြင့်သိန်းဦးက အိတ်ချ်ပီဗီကာကွယ်ဆေးစတင် ထည့်သွင်းခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ သားအိမ်ခေါင်းကင်ဆာသည် (HumanPapillomavirus) အိတ်ချ်ပီဗီဗိုင်းရပ်(စ်)ပိုးကြောင့် လိင်ဆက်ဆံခြင်း၊ အရေပြားချင်း ထိတွေ့ ခြင်းမှ ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပြီး၊ ကူးစက်ခံရသူအများစုမှာ ရောဂါ လက္ခဏာမပြဘဲ ရှိနေတတ်ခြင်း ကြောင့်မည်သူ မဆိုအချိန်အခါမရွေး ကူးစက်ခံရနိုင်ပြီး အိတ်ချ်ပီဗီ ဗိုင်းရပ်(စ်)ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်နိုင်ရန် အသက်(၁၅)နှစ်မတိုင်မီ မိန်းကလေး ငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းနေဖြင့် ကြုံတွေ့နိုင်သော အခက်ခဲများ ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများမှ ဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်း၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ ပြန်လည် ဖြေကြားကာ မုဒုံမြို့နယ်တွင်သားအိမ်ခေါင်းကင်ဆာ ရောဂါ(HPV) ကာကွယ်ဆေးကို အသက်(၉)နှစ်မှ (၁၀) နှစ်အကြား အမျိုးသမီးငယ်များ အား အောက်တိုဘာလ (၂၀) ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)