ကျောက်ဆည် စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောက်ဆည်ခရိုင် ပညာရေးမှူးဒေါက်တာဥမ္မာကြည်က မြန်မာနိုင်ငံတွင်သန့်ရှင်း၍ စိမ်းလန်းစိုပြည် သောကျောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ချက်များဖြင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများဆိုင်ရာ အခြေခံစံနှုန်းနှင့်အညွှန်းကိန်းများသတ်မှတ်ရွေးချယ်၍ အားထုတ် ကြိုးပမ်းဆောင်ရွက်နေမှုများကိုအသိအမှတ် ပြုရန်နှင့်ပတ်ဝန်းကျင်ဆိုင်ရာအလေ့အကျင့်ကောင်းများကို နီးစပ်ရာရပ်ရွာလူထုများမှလည်း အတုယူလိုက်ပါ ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင် အထည်ဖော်ရေးအဖွဲ့ဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမော်မော်ကိုက သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင် သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် ပဏာမရွေးချယ်ထားသော ကျောင်းများမှ ကျောင်းအုပ်ကြီးများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြောင်းနှင့် ဆုရရှိသည့်ကျောင်းများကို “ကမ္တာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး