မအီမြို့ အမှတ်(၄)ရပ်ကွက် အ.လ.က(ခွဲ) ဆေးထိုးစုရပ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်

မအီ     စက်တင်ဘာ     ၂၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက် အ.လ.က(ခွဲ) ဆေးထိုးစုရပ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေး မထိုးနှံမီ အမှတ်(၄)ရပ်ကွက် အ.လ.က(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းမင်းက အဖွင့်အမှာစကားပြောကြားရာတွင် "နိုင်ငံတော်မှ အခမဲ့စီစဉ်ပေးသည့် သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ် ဆေးထိုးနှံခြင်း ကို သတ်မှတ်အသက်အရွယ်အတွင်း ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသူအမျိုးသမီးငယ်များ မကျန်ရှိစေရေးအတွက် သက်ဆိုင်ရာ ဆရာ/ဆရာမများနှင့် မိဘများအနေဖြင့်  စာရင်းကောက်ယူခြင်းနှင့် နှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အခုလို မိမိတို့ကျောင်းသို့ ကျောင်းအခြေပြုအနေဖြင့် လာရောက်ထိုးနှံပေးစဉ်တွင် မပျက်မကွက်ထိုးနှံသွားကြရန် တိုက်တွန်းလိုပါကြောင်းနှင့် ကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးကြသည့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျန်းမာရေးမှူး ဦးလှဝင်းက HPV သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားရာတွင် ယခု ထိုးနှံပေးမည့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) သည် နိုင်ငံတကာသုတေသနပြုချက်များအရ ဘေးကင်း စိတ်ချရသည့် ကာကွယ်ဆေး ဖြစ်ပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်း တွင် အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့်အတွက် အဆိုပါရောဂါကိုကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဖော်ပြပါ ကာကွယ်ဆေးကိုထိုးနှံပေးမည့် အမျိုးသမီးငယ်များ၏ အသက်အပိုင်း အခြားမှာ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း အရွယ်ရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ကျန်းမာရေးအသိပညာပေး ဟောပြောရာ အ.လ.က(ခွဲ)ကျောင်းသို့ ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသူမိဘများနှင့် ဆရာဆရာမများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၉) နှစ်မှ (၁၂) အတွင်း ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက စာရင်းသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖော်ပြပါ အမှတ်(၄)ရပ်ကွက် အ.လ.က(ခွဲ)ဆေးထိုးစုရပ်၌ အမျိုးသမီးငယ် (၁၁၄)ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)