မောက်မယ် စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး သိပ္ပံနည်းကျ စိုက်နည်းစနစ်အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေ/မျိုး/ပိုးဆိုင်ရာ တောင်သူနည်းပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့် အမှာစကားပြောကြားပြီး လင်းခေးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းက ၂၀၂၃−၂၀၂၄ ခုနှစ် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၏ ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီး လင်းခေးခရိုင်၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်သန်းအေးက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအားလည်းကောင်း၊ လင်းခေးခရိုင်၊ ဦးစီးအရာရှိ ဦးစွမ်းရည်ထူးက စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ(GAP)အကြောင်းနှင့် ဦးစီးအရာရှိ ဦးမျိုးမင်းသန်းက စပါးတင်း ၁၀၀ အထက် ထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ဆွေးနွေးကြရာ တက်ရောက်လာကြသည့် တောင်သူများတို့က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြီး၊ ခရိုင်ဦးစီးမှူးက လယ်ယာလုပ်ငန်းအတွက် ကုန်ကျမှုစရိတ် လျော့ချနိုင်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိဘဲ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးနိုင်ရေး ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ၄၀ ဦးခန့် တက်ရောက်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)