မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက်(၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မန္တလေး စက်တင်ဘာ၂၆

၂ဝ၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားအခြေခံပညာအဆင့် အသက် (၁၈)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအဆင့်မြင့်အားကစားကွင်းတွင် ကျင်းပရာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ International School နှင့် အားကစားသိပ္ပံကျောင်းအသင်းတို့မှ လက်ရွေးစင်ပြိုင်ပွဲဝင်အားကစားသမားများ၊ ကြီးကြပ်သူများ၊ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဧည့်ပရိသတ်များ စုစုပေါင်းအင်အား ၁၃၅ဝဝ ဦးကျော် တက်ရောက်ကြပြီး ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)အားကစားသမာများက အားကစားနည်းအလိုက် စုပေါင်းသရုပ်ပြခြင်း၊ တိုင်းဒေသကြီးဝူရှူးအဖွဲ့က သရုပ်ပြခြင်းနှင့် ခေတ်ပေါ်တေး ဂီတအဖွဲ့မှ ဧည့်ခံဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

၄င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်စကာအမှားးပြောကြားပြီး ပြိုင်ပွဲကိုစတင်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားအသင်းများအလိုက်အားကစားသမားများအား လိုက်လံ နှုတ်ဆက်၍ အားကစားပစ္စည်းများကိုပေးအပ်ပြီး အားကစားအဖွဲ့များအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ဂုဏ်ပြုငွေကျပ် (၃၀) သိန်းကိုလည်းကောင်း၊တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်းက ဂုဏ်ပြုငွေ ကျပ်(၃၀)သိန်းကိုလည်းကောင်းချီးမြှင့်ခဲ့သည်။

၄င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့သည် ပွဲဦးထွက်မန္တလေးမြို့မြောက်ပိုင်းဇုန် ကိုယ်ပိုင်အထက်တန်းကျောင်းကိုယ်စားပြု လက်ရွေးစင် ဘောလုံးအသင်းနှင့် မဟာအောင်မြေမြို့နယ် ကိုယ်စားပြုလက်ရွေးစင်ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဖလား အခြေခံပညာအဆင့် အသက်(၁၈) နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဘောလုံးအသင်း (၇)သင်း၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ဘောလုံးအသင်း (၄)သင်း၊ ကိုယ်ပိုင်ကျောင်းများမှ ဘောလုံးအသင်း(၄)သင်း၊ International School များက ဘောလုံးအသင်း(၁)သင်းစုစုပေါင်း ပြိုင်ပွဲဝင်အသင်း(၁၆)သင်းဖြင့် အုပ်စု(၄)စုခွဲ၍ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုအလိုက် ပွဲစဉ်များကို စက်တင်ဘာလ၂၅ ရက်မှအောက်တိုဘာလ ၆ ရက်အထိ ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းနှင့် အောင်မြေသာစံမြို့နယ် အောင်မြေမန္တလာ အားကစားကွင်းတို့တွင် နေ့စဉ်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)