မာန်အောင် စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်အထက် နိုင်ငံသားကတ်ပြားရှိသူများအား e-IDစနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အခြေပြု၍ စတင်ကောက်ယူလျက်ရှိသည်။
ထိုသို့ ကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မှီခိုသူမိသားဝင်များအား စတင်ကောက်ယူ လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
မာန်အောင်မြို့နယ်တွင်e-IDစနစ်လုပ်ငန်းဆိုင်ရာဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် မှီခိုသူမိသားစုဝင်များအား ရုံးဖွင့်ရက်များတွင် နေ့စဥ်နံနက်၉နာရီခွဲမှ ညနေ ၄နာရီခွဲထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)