ပေါင် စက်တင်ဘာ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) ထန်းပင်ချောင်ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် (အ.ထ.က) ထန်းပင်ချောင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဝင်းက အဖွင့်အမှာ စကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး (အ.ထ.က) ထန်းပင်ချောင်ကျောင်းဆရာမဒေါ်သီတာဝင်းက ဦးဆောင်ဆွေးနွေးပြီး (အ.ထ.က) ထန်းပင်ချောင်ကျောင်းမှ Grade 12 ကျောင်းသူမ ယမင်းအိမ်က လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 12 ကျောင်းသူ မစမ်းစန္ဒာကျော်က လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မိကွန်ထောက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မအေးသီတာစန်းက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသား မောင်ပိုင်ကိုချမ်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့် ဆရာမဒေါ်သီတာဝင်းတို့က အသီးသီးပြန်လည်ဖြေကြားပေးခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ (အ.ထ.က) ထန်းပင်ချောင်ကျောင်းမှ ဆရာ/ဆရာမ များ အပါအဝင် ကျောင်းသား ကျောင်းသူ (၂၅၀) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)