ချမ်းမြသာစည် အ . ထ . က (၃၅) တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ချမ်းမြသာစည်  စက်တင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတ တိုးပွားပြီး နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် သားကောင်းရတနာများ ဖြစ်ထွန်းလာစေရေး ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၉:၃၀ နာရီ အချိန်က အမှတ်(၃၅) အခြေခံပညာအထက်တန်းကျောင်းရှိ  အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်မြင့်ရီခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက လူငယ်များ အတွေးအခေါ် မှန်ကန်စေရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်သော လူစွမ်းအား အရင်းအမြစ်များ ဖြစ်လာစေရန် အသိပညာ၊အတတ်ပညာဖြင့်ပြည့်စုံသော လူငယ်များ ဖြစ်လာစေရန်အတွက် ယခုလို လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဝင်းက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ခေါင်းဆောင်မှု စသည့်ခေါင်းစဉ်များဖြင့် ဗဟုသုတ ရရှိဖွယ်များကို အသိပညာပေး ဟော‌ပြောခဲ့ပြီးနောက် မြို့နယ်အားကစားမှူးမှ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ အမှတ် (၃၅) အခြေခံပညာအထက်တန်း ကျောင်းမှ တာဝန်ရှိဆရာမများက လက်ခံရယူခဲ့ကြောင်း သိရသည်။ 

အခမ်းအနားပြီးနောက်  ကျောင်းသား/ကျောင်းသူလေးများက ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စုံလင်သော စာအုပ်/စာစောင်များ  ခင်းကျင်း ပြသထားမှုအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ရုံးဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဝင်း၊ အမှတ်(၃၅) အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ် ဆရာမ ဒေါ်မြင့်ရီခိုင်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (ပြန်/ဆက်)