ချောင်းဆုံ စက်တင်ဘာ ၂၆
တိုင်းရင်းသားလူမျိုးတိုင်းတွင် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံအမျိုးမျိုးရှိကြသည့်အနက် နှစ်စဉ်ဝါခေါင်လတွင် ကျင်းပပြုလုပ်သော ကရင်လူမျိုးတို့၏လက်ချည်ပွဲ (ချည်ဖြူဖွဲ့မင်္ဂလာ) သို့မဟုတ် လိပ်ပြာခေါ်ပွဲကို စက်တင်ဘာ ၂၆ ရက်နေ့က ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန် ကျေးရွာ ကရင်စာပေနှင့် ယဉ်ကျေးမှုခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ကရင်တိုင်းရင်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ) ဥက္ကဋ္ဌ ဦးစံရင်မော်က ကရင်လူမျိုးများ၏ ဓလေ့ထုံတမ်းအစဉ်အလာများနှင့် ပတ်သက်၍ အလေးထားစရာ အစဉ်အလာတစ်ခုဖြစ်ကြောင်း၊ ကရင်လူမျိုးများသာမက တိုင်းရင်းသားများအားလုံး၏ ရိုးရာအစဉ်အလာများကို ထိန်းသိမ်း စောင့်ရှောက်သွားရန်လိုကြောင်း ပြောကြားပြီး ကရင်တိုင်းရင်သူ ဒေါ်ခင်ခင်သက်မှ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကရင်ရိုးရာလက်ချည်ပွဲကို ဆက်လက်ကျင်းပရာ သက်ကြီးဘိုးဘွားများက ဦးဆောင် ကျင်းပပြုလုပ်ကြပြီး လူငယ်များအား ကောင်းချီးမင်္ဂလာဖြစ်စေရန် လက်ချည်ပွဲကို ပြုလုပ်ခဲ့ကာ တက်ရောက်လာသူများအား ကရင်ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ကရင်လူမျိုးတို့၏ ရိုးရာလက်ချည်ပွဲကို မိုးများသောကာလ ဝါခေါင်လ လဆန်းတွင်လည်းကောင်း၊ ဝါခေါင်လပြည့်နေ့တွင်လည်းကောင်းကျင်းပလေ့ရှိပြီး ဒေသနှင့်ရာသီဥတုအခြေအနေပေါ် မူတည်၍ ဝါခေါင်လအတွင်း သင့်ရာနေ့ရက်ကို ရွေးချယ်၍ ဒေသအလိုက် အိမ်ထောင်စုအလိုက်၊ မိသားစုဝင်အလိုက်စုဖွဲ့ကာ လက်ချည်ပွဲသီချင်းများနှင့် ရိုးရာသီချင်းများကို သီဆို၍နှစ်စဉ် ပျော်ရွှင်စွာ စုပေါင်းကျင်းပခဲ့ကြောင်း သိရသည်။
သူဇာ(ပြန်/ဆက်)