သံဖြူဇရပ်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဆိုင်ရာ အသိပေး ဆွေးနွေးပွဲ ပြုလုပ်

သံဖြူဇရပ် အောက်တိုဘာ ၁၉

မွန်ပြည်နယ်   သံဖြူဇရပ်မြို့နယ်တွင် အမျိုးသမီးငယ်ကလေးများအား   သားအိမ်ခေါင်းကင်ဆာ ရောဂါ (HPV) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအစီအစဉ်တွင် ထည့်တွင်းခြင်း မြို့နယ် အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁) နာရီခန့်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဒုတိယဦးစီးမှူး ဦးကျော်ဖြိုးလင်းမှ အဖွင့်  အမှာစကားပြောကြားပြီး   မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာမင်းသန့်ဇင်မှ   ပုံမှန် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် အိတ်ချ်ပီဗီ (သားအိမ်ခေါင်း ကင်ဆာ) ကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်းနှင့်ပတ်သက်၍  မြန်မာနိုင်ငံသည်  အာရှနိုင်ငံများတွင်   အဖြစ်အများဆုံးနိုင်ငံ စာရင်း တွင် ပါဝင်ကြောင်း   သားအိမ်ခေါင်းကင်ဆာ သည်  (HPV)  အိတ်ချ်ပီဗီဗိုင်းရပ်(စ်) ပိုးကြောင့် ဖြစ်၍  လိင်မှတစ်ဆင့်ကူးစက်တတ်သော  ရောဂါ တစ်မျိုးဖြစ်ပြီး   မည်သူမဆိုအချိန်အခါမရွေးဖြစ်နိုင်ကြောင်း ၊   သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်နိုင်ရန်   အသက်   (၁၅) နှစ် မတိုင်မီ မိန်းကလေးငယ်များသာ သားအိမ်ခေါင်းကင်ဆာရောဂါ  (HPV)   ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင်  ပထမအဆင့်အစီအစဉ်ဖြင့် ထည့်တွင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

အဆိုပါအခမ်းအနားသို့  တက်ရောက်လာကြသည့်    မြို့နယ်အတွင်းဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ(သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေးနှင့် ပတ်သက်၍   သိရှိလိုသည်များကို   ပြန်လည်ဆွေးနွေးမေးမြန်းကာ တာဝန်ရှိသူမှ လည်းပြန်လည်ရှင်းလင်းဆွေးနွေးပြီး   မြို့နယ်အတွင်း  သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို အောက်တိုဘာ (၂၀) ရက်မှစတင်ကာ  (၅)ရက်တာ ထိုးနှံသွားမည်ဖြစ်ကြောင်းနှင့်   သံဖြူဇရပ်မြို့နယ်အတွင်း   အသက်(၉) နှစ် မှ(၁၄) နှစ်အတွင်း မိန်းကလေးငယ် (၂၃၀၄) ဦးကို   လျာထား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာ မင်းသန့်ဇင်ထံမှ သိရ သည်။

အေးအေးသီ