မြစ်သား စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် (အ.ထ.က)မြစ်သားကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီအချိန်က ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်မှအဖွင့်အမှာစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာအောင်မှ လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဗလငါးတန်နဲ့ပြည့်စုံပြီးအသိပညာဗဟုသုတများရရှိစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်းပူပေါင်းဆောင်ရွက်တတ်ပြီးလူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (အ.ထ.က) မြစ်သား ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဒေါ်ဌေးဌေးဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာအောင်ကဦးဆောင်ပြီး Grade-6 ကျောင်းသူ မချမ်းမြေ့မြေ့သော်က လူငယ်နှင့် ရည်မှန်း ချက်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-6ကျောင်းသား မောင်စိုးမိုးအောင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-5ကျောင်းသူ မသိမ့်နန္ဒာထက်က လူငယ်နှင့်ဖုန်းအသုံးပြုမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–6ကျောင်းသား မောင်သာလင်းထက်က လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကလည်း သိလိုသောမေးခွန်းများကို အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုး၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းကျော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် (အ.ထ.က)မြစ်သားကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း အင်အား(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)