ပုသိမ်ကြီး စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများဖြင့် တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ဆောင်ရွက်မှုများအား လုပ်ငန်းညှိနှိုင်းစည်းဝေး ကျင်းပခြင်းကို ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုလှိုင်က သက်ဆိုင်ရာဌာနအသီးသီးအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဦးစားပေးစီမံချက်လုပ်ငန်းများအား သင့်လျော်သည့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားပေးနိုင်ရန် လိုအပ်ကြောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ညောင်ပင်သာကျေးရွာ၊ လှိုင်းပေါက်ကျေးရွာ၊ မြောင်းဦးကျေးရွာ၊ သံဘိုကျွန်းကျေးရွာ၊ ကံပြင်ကျေးရွာ၊ သက္ကယ်ကျင်း ကျေးရွာ၊ ညောင်ဝန်းကျေးရွာတို့တွင် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ ကျေးရွာလိုအပ်ချက် ပထမဦးစားပေး စီမံချက်ဖြစ်သော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ဆိုလာရေသန့်စင်စနစ်များအား ဌာနခွင့်ပြုငွေနှင့် ပြည်သူလူထု ထည့်ဝင်ငွေများဖြင့်ဆောင်ရွက်လျက်ရှိပြီး၊ ကျန်ရှိသော ဦးစားပေးစီမံချက်များအား ဆက်လက်ဆောင်ရွက်နိုင်ရန် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်နိုင်ရေးပြောကြားခဲ့သည်။
အစည်းအဝေးသို့ တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဌာနများဖြင့် သက်ဆိုင်သည့် လုပ်ငန်းများကို အပြန်အလည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)