ဥတ္တရသီရိ စက်တင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည်တိုက်တွင် ၂၀၂၃ ခုနှစ် “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်” အလယ်တန်းအဆင့် စာစီစာကုံး၊ စကားပုံဆက်နှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥတ္တရသီရိမြို့နယ် New Campusကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံး ပြိုင်ပွဲကို “လမ်းပြကြယ်ပမာ မြတ်ဆရာ”ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြပြီး စကားပုံဆက်နှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ခရိုင်ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)