သံဖြူဇရပ် စက်တင်ဘာ ၂၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၃- ၂၀၂၄ ခုနှစ် ဆောင်းနေကြာလျာထားချက် ပြည့်မီရေးအတွက် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တောင်သူများအား ဆီထွက်သီးနှံ ဆောင်းနေကြာ မျိုးစေ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျင်သိန်းမှ ဆောင်းနေကြာမျိုးစေ့ အရည်အသွေး၊ စိုက်ပျိုးမှုနှင့် စားသုံးဆီထုတ်လုပ်နိုင်မှုကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့်ကျေးရွာ (၁၅) ရွာမှ တောင်သူများအား နေကြာမျိုးစေ့ ရေဆင်းစပ်မျိုးနေကြာအိတ်များကို တစ်ဧကလျှင် (၁) အိတ်နှုန်းဖြင့် စိုက်ပျိုးဧက (၁၀၄) ဧကအတွက် (၁၀၄) အိတ်ကို မြို့နယ်စီမံအုပ်ချုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် တာဝန်ရှိသူများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပထမအကြိမ်ပေးအပ်ခဲ့ပြီး၊ ၂၀၂၃-၂၀၂၄ ခုနှစ် သံဖြူဇရပ်မြို့နယ် ဆောင်းနေကြာ စိုက်ဧက (၁၀၀၀) စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)