မြေပုံ စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာ မူလတန်းကျောင်း သဲတန်း (အရှေ့) ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခြင်းကို ယနေ့ နေ့လယ်(၁)နာရိအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမောင်နီချေမှ ကျောင်း သားလူငယ်များ လူငယ်ရေးရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ သည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ယနေ့ခေတ်သည် ပညာခေတ် ဖြစ်၍ လူငယ်များသည်ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကိုလေ့လာကြရန်နှင့် ရိုးသားကြိုးစားပြီး အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်သော လူငယ်မျိုးဆက်သစ်များ ပေါ်ထွန်းလာ စေရန်အတွက် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ လေ့လာကြည့်ရှုနိုင်ရန် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဓာတ်ပုံပြပွဲနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင် ပြသထားမှုတို့အား စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။
တင်ဝင်း(ပြန်/ဆက်)