မတ္တရာ၊ အောက်တိုဘာ ၁၉
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မတ္တရာမြို့နယ်၌ ဖွင့်လှစ်ထားရှိမည့် မဲရုံများ၌ အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်းများကို အောက်တိုဘာလ ၁၉ ရက်နေ့မှစတင်၍ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့မဲရုံသုံးပစ္စည်းများကိုထုတ်ပေးရာတွင် အမှတ် (၁) မဲဆန္ဒနယ်မှ ရပ်ကွက်ကျေးရွာ အုပ်စု(၃၉)အုပ်စုမှ မဲရုံပေါင်း(၁၂၇)ရုံးအတွက် မဲရုံးသုံးပစ္စည်း (၂၈) မျိုးနှင့် ရွေးကောက်ပွဲနှင့် ပတ်သတ်သောအသိပညာပေးလက်ကမ်းစာစောင်များ၊ လှုံ့ဆော်ရေးသီချင်းခွေများ၊ သိမှတ် ဖွယ်ရာစာအုပ်များ၊ စည်းမျဉ်းစည်းကမ်းစာအုပ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မှရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များထံသို့ ထုတ်ပေးလျက်ရှိပြီး၊ ကျန်ရှိသော မဲဆန္ဒနယ်အမှတ် (၂) ရှိ ကျေးရွာအုပ်စု (၄၉) အုပ်စုမှ မဲရုံ (၁၃၉) ရုံအတွက် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဆက်လက်ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၈၈) အုပ်စု၊ ကျေးရွာပေါင်း (၂၈၆) ရွာတွင် မဲရုံပေါင်း (၂၆၆) ရုံ ထားရှိသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ဦးရေ တစ်သိန်းကိုးသောင်းကျော်ရှိ ကြောင်းသိရသည်။