ပူတာအိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် (မြို့နယ်အဆင့်) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပူတာအို စက်တင်ဘာ ၂၆

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အားကစားကဏ္ဍတွင် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် (မြို့နယ်အဆင့်) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသည့် အသက်(၁၈)နှစ်အောက်(ကျား)ဘောလုံးပြိုင်ပွဲတွင် အ.ထ.က(ဒုတ္ထန်)ကျောင်းဘောလုံးအသင်းနှင့် အ.လ.က(ထဝါဒမ်း)ကျောင်း ဘောလုံးအသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြရာ အ.ထ.က(ဒုတ္ထန်)ကျောင်းဘောလုံးအသင်းက လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ခရိုင်ပညာရေးမှူး ကိုယ်စား ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးငွါးခီရဲ့က အမှာစကားပြောကြားပြီး ဒုတိယ မြို့နယ်ပညာရေးမှူး ဦး ရခွီဇိန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြးရေးမှူး ဦးငွါးခီရဲ့၊ ဦးခွန်ထွန်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခိုင်သန်းတိုး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးရခွီဇိန်နှင့် တာဝန်ရှိသူများက ခြင်းလုံး(ကျား)ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယ၊ ဘော်လီဘော (ကျား၊မ)ပြိုင်တွင် ပထမ၊ ဒုတိယ၊ ဘောလုံးပြိုင်ပွဲ(ကျား၊မ) ပထမ၊ ဒုတိယ ဆုရအသင်းများအား ဆုငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် မြို့နယ်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွင် မီတာ ၁၀၀(ကျား၊မ)ပြိုင်ပွဲ၊ မီတာ ၄၀၀(ကျား၊မ)ပြိုင်ပွဲ၊ မီတာ ၈၀၀(ကျား၊မ)ပြိုင်ပွဲ၊ အမြင့်ခုန်(ကျား၊မ)ပြိုင်ပွဲ၊ အလျားခုန်(ကျား၊မ)ပြိုင်ပွဲ၊ ခြင်းလုံး(ကျား၊မ)ပြိုင်ပွဲ၊ ဘော်လီဘော(ကျား၊မ)ပြိုင်ပွဲ၊ ဘောလုံး(ကျား၊မ)ပြိုင်ပွဲစသည့် အားကစားနည်းရှစ်မျိုးကို စက်တင်ဘာ(၁၁)ရက်မှ (၂၃)ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း (၈၀)ကျော်မှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)