လူငယ်များ စာပေဖတ်ရှုလေ့လာမှုအားကောင်းလာစေရန်အတွက် ကျောက်ပန်းတောင်းမြို့နယ် Community Centre ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

ကျောက်ပန်းတောင်း  စက်တင်ဘာ  ၂၆

ကျောင်းသားလူငယ်များ စာပေဖတ်ရှု လေ့လာမှု အားကောင်းလာစေရန်နှင့် စာဖတ်စွမ်းရည် မြင့်မားတိုးတက်စေရန် ရည်ရွယ်ပြုလုပ်သည့်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ လေးရွာအခြေခံပညာအထက်တန်းကျောင်းမှ Grade-9 ကျောင်းသား/ကျောင်းသူ (၁၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲမစတင်မီ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက်  အတွဲ-၂၀၊ အမှတ်-၁၇ စက်တင်ဘာလ(၁)ရက်နေ့ထုတ်၊ ဒို့ကျေးရွာဂျာနယ် မှ မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) ရေးသားသည့် “လူငယ်နှင့် မဟာဗျူဟာဆန်ဆန် စဉ်းစားတွေးခေါ်မှု” ဆောင်းပါးတိုအား ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူလေးများက အလှည့်ကျ ဖတ်ကြားကြသည်။ အဆိုပါပြိုင်ပွဲကို လေးရွာအခြေခံပညာ အထက် တန်းကျောင်းမှ ကြီးကြပ်သူ ဆရာမ(၂)ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယမြို့နယ်ဦးစီးမှူးတို့က စိစစ်အကဲဖြတ်  ရွေးချယ်၍ ဆုရရှိသူ(၃)ဦးကို မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ဆုလက်ဆောင်အဖြစ် ဗလာစာအုပ်များနှင့်ဘောလ်ပင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)