တွေ့ဆုံမေးမြန်းသူ - ဒေါ်ခင်ယုယုနွယ်
မေး။ သန္တာမြေ ရခိုင်ထွက်ကုန်လုပ်ငန်းကို ဘယ်အချိန်လောက်က စတင်ခဲ့ပါသလဲရှင့်။
ဖြေ။ သန္တာမြေ ရခိုင်ထွက်ကုန်လုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လအလယ်လောက်က စတင်လုပ်ကိုင်ခဲ့ပါတယ် ခင်ဗျ။
မေး။ ဒီလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ကုန်ကြမ်းတွေကို ဘယ်နေရာဒေသတွေက ရရှိပါသလဲရှင့်။
ဖြေ။ ဒီလုပ်ငန်းကို စလုပ်ဖို့ စဉ်းစားခဲ့တာကတော့ ငါးမုန့်ပေါ့၊ ကျောက်ဖြူကထွက်တဲ့ ငါးမုန့်ကလည်း ရခိုင်ပြည်မှာ အကောင်းဆုံးဖြစ်တယ်ဆိုတော့ ငါးမုန့်ကို ဖြန့်ချီရာကနေ ပုစွန်ခြောက်တွေ၊ ငါးခြောက်တွေ ဖြန့်ဖို့စဉ်းစားခဲ့တယ်၊ ပြီးတော့ ရခိုင်ဒေသမှာ အွန်လိုင်းကတစ်ဆင့် တွင်တွင်ကျယ်ကျယ် ရောင်းချတာတွေမတွေ့ရသေးဘူး၊ ကျောက်ဖြူဆိုတာလည်း ရမ္မာဝတီ ရမ်းဗြဲကျွန်း ပေါ့နော်၊ ဒီဒေသတ ဝိုက်ကထွက်တဲ့ ရေလုပ်ငန်းတွေကို မြန်မာတစ်နိုင်ငံလုံးကို တွင်တွင်ကျယ် ဖြန့်မယ်ဆိုပြီးတော့ လုပ်ခဲ့တာပါခင်ဗျ။
မေး။ ရေထွက်ပစ္စည်းကကော ဘယ်နှစ်မျိုးလောက် ထုတ်လုပ်ပါသလဲရှင့်။
ဖြေ။ ကျွန်တော်တို့ သန္တာမြေ ရခိုင်ထွက်ကုန်လုပ်ငန်းမှာ အဓိကအားဖြင့်ကတော့ ခုနောက်ပိုင်း ပုဇွန်ခြောက်ကို အဓိကထားရောင်းချပါတယ်၊ ဘာလို့လဲဆိုတော့ ပုဇွန်ခြောက်က ပြည်ပတွေက ဝယ်လိုအား အရမ်းများတယ်၊ ပြီးတော့ရခိုင်ကနေ တိုက်ရိုက်သွင်းတဲ့ ပုဇွန်ခြောက်တွေက အရည်အသွေးကောင်းပြီး လတ်လတ်ဆတ်ဆတ်လည်းရတယ်၊ အချို/အငန် အမျိုးစုံအောင်လည်းရတယ် ပေါ့၊ ပြီးတော့ ကျွန်တော်တို့မှာက လူတန်းစားအစုံစားသုံးနိုင်တဲ့ အသားမှုန့်တွေရော၊ ပွဲလန်းသဘင် သုံးနိုင်တဲ့ အရည်အသွေးအစုံရတဲ့အတွက် ဒီပုဇွန်ခြောက်ကိုတော့ အဓိထားဖြန့်ပါတယ်ခင်ဗျ။ နောက်ပြီးတော့ ငါးခြောက်တို့၊ ငါးနီတူ ခြောက်တို့၊ ငပိတို့ အဓိကထားပြီးဖြန့်ပါတယ်ခင်ဗျ။
မေး။ ဒီသန္တာမြေ ရခိုင်ဒေသထွက်ကုန်လုပ်ငန်းအနေနဲ့ အဓိကထွက်ကုန်က ဘာကိုအဓိက ထုတ်လုပ်ပါသလဲ။
ဖြေ။ ကျွန်တော်တို့ သန္တာမြေ ရခိုင်ဒေသထွက်ကုန်လုပ်ငန်းအနေနဲ့ ကျွန်တော်လိုင်းပေါ်မှာရှာကြည့် လိုက်တဲ့အခါမှာ ပုဇွန်အသားမှုန့်က အရမ်းကွာလတီမြင့်တဲ့ပုဇွန်တွေနဲ့ပြုလုပ်ပြီးတော့ ရောင်းနေကြ တဲ့အတွက် ဈေးကအရမ်းမြောက်တယ်ခင်ဗျ၊ ၁၀ သားကို ၇၀၀၀ နီးပါးရှိတယ်၊ အဲ့ဒီအချိန်မှာ ကျွန်တော် စဉ်းစားမိတာက သာမန်လူတွေကျတော့ ဒီဈေးနဲ့ မစားနိုင်ဘူးပေါ့၊ အဲ့ဒီအခါ ပုဇွန်အသား ကျိုးတွေကို အမှုန့်ကြိတ်ဖို့အတွက် စဉ်းစားပြီးတော့ စမ်းကြည့်လိုက်တော့ အဆင်ပြေတယ်ခင်ဗျ၊ တန်ဖိုးနည်းပစ္စည်းကို အရည်အသွေးမြှင့်ပြီးတော့ ထုတ်လိုက်တဲ့သဘောပါခင်ဗျ၊ သန္တာမြေ ရခိုင်ဒေသထွက်ကုန် လုပ်ငန်းအနေနဲ့ ပုဇွန်အသားမှုန့်ကို အဓိကထားထုတ်လုပ်ပါတယ်ခင်ဗျ၊
မေး။ ဒီထွက်ကုန်တွေကို ဘယ်ဒေသတွေကို ပို့ပါသလဲရှင့်။
ဖြေ။ မြန်မာတစ်နိုင်ငံလုံးကို ပို့ပါတယ်ခင်ဗျ၊ ရန်ကုန်-ပြည်လမ်း တစ်လျောက်ကမြို့တွေ၊ မန္တလေး တိုင်းဘက်ကမြို့တွေ၊ ရှမ်းပြည်ဘက်တွေနဲ့ အဓိကဈေးကွက်ကတော့ ရန်ကုန်မှာများတယ်ခင်ဗျ၊ ဘာလို့ လဲဆိုတော့ ရန်ကုန်မှာက လူဦးရေလည်းအရမ်းထူထပ်တယ်၊ ပြီးတော့ အင်တာနက်တွေ ဆိုရှယ်မီဒီယာ သုံးသူတွေ အရမ်းများတယ်၊ ရန်ကုန်ဘက်က အရမ်းမှာကြတယ်ခင်ဗျ၊
မေး။ ပြည်တွင်းထုတ်ကုန်အနေနဲ့ တစ်ခြားပြည်ပနိုင်ငံတွေကို ထပ်ပို့ဖို့ အစီအစဉ်ရှိရင်လည်း ပြောပြပေးပါရှင့်။
ဖြေ။ ဟုတ်ကဲ့၊ ပို့လို့ရရင်တော့ ဒီထွက်ကုန်တွေကို အရည်အသွေးကောင်းကောင်းလေးမြှင့်တင်ပြီး တော့ Export ကွာလတီအထိလုပ်ချင်တယ်၊ ဒီငပိတွေဆိုရင်လည်း MSME ကမှတ်ပုံတင်ပြီးတော့ ထုတ်တဲ့ ကျောက်ပုဇွန်ငပိတို့လိုဟာတွေက တရုတ်ပြည်တို့ကို ပို့တယ်လို့သိတယ်ခင်ဗျ၊ ကျွန်တော် အနေနဲ့ အာရှတဝိုက်မှာ ငပိစားသုံးမှုကအရမ်းများတယ်လို့ သိရပါတယ်၊ ရေထွက်ပစ္စည်းကလည်း နိုင်ငံတစ်ခုနှင် တစ်ခု စားသောက်ကုန်ချင်း သက်ဆိုင်နေတယ်၊အဓိကတော့ တမူးဘက်ကနေ လမ်းပွင့်သွားရင်ပေါ့ အိန္ဒိယဈေးကွက်ကို ဖြန့်ချီသွားမယ်လို့စိတ်ကူးထားတယ်၊ ပြီးတော့ ကျောက်ဖြူကလည်းတရုတ်နဲ့ အဓိကချိတ်နေတာဆိုတော့ တရုတ်နဲ့ အိန္ဒိယဈေးကွက် ဖြန့်ချီသွားမယ်လို့ စိတ်ကူးထားပါတယ်ခင်ဗျ၊
မေး။ လက်ရှိနိုင်ငံတော်အစိုးရက အသေးစား၊အလတ်စား၊အငယ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ပတ် သက်ပြီးတော့ ပြည်တွင်းထုတ်ကုန်တွေကို ဦးစားပေးဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။
ဖြေ။ အသေးစား၊အငယ်စား၊အလတ်စား လုပ်ငန်းတွေကတော့ ဒေသတစ်ခုရဲ့ ထုတ်ကုန်တွေကို မြှင့်တင်နေတဲ့လုပ်ငန်းပေါ့၊ ကျွန်တော်အနေနဲ့ကျတော့ ကျွန်တော်လေ့လာထားသလောက် ဒေသတစ်ခုရဲ့ အသက်မွေးဝမ်းကျောင်းက ဒီလုပ်ငန်းတွေမှာဘဲ မူတည်နေတယ်လို့ သိရပါတယ်၊ ဒီလုပ်ငန်းတွေက ကျွန်တော်တို့ဒေသကို အဓိကငွေရှာပေးနေတဲ့လုပ်ငန်းတွေပေါ့၊ ဉပမာ ရခိုင်မှာ ဆိုရင် ရာသီတိုင်းလယ် လုပ်လို့မရဘူး၊ ရေငန်တွေလည်းများတဲ့အတွက် စပါးတွေလည်းအရည် အသွေးမကောင်းဘူးပေါ့၊ အဓိကကျွန်တော်တို့မှာ လုပ်စရာက ရေလုပ်ငန်းတစ်ခုဘဲရှိတယ်၊ ဒီရေ လုပ်ငန်းကဘဲ အလုပ်ပေးနေတယ်၊ ထမင်းကျွေးနေတယ်လို့ ပြောရမယ်ခင်ဗျ၊ တစ်ကယ်လို့ ဒီလုပ်ငန်းတွေသာတွင်ကျယ်လာမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အရမ်းပေါလာမယ်လို့ ကျွန်တော်ထင်တယ်၊ နောက်ပြီး လူငယ်တွေအနေနဲ့ အလုပ်အကိုင်မရှိတဲ့အခါ နိုင်ငံခြားကို သွားပြီးအလုပ်လုပ်ရတယ်၊ တစ်ကယ်လို့သာ ဒီလုပ်ငန်းသာမြှင့်တင်နိုင်မယ်ဆိုရင် နိုင်ငံခြားမှာ လုပ်လို့ရမယ်ငွေတွေကို ကိုယ့်ဒေသမှာရှာနိုင်မယ်လို့ ကျွန်တော်ထင်တယ်ခင်ဗျ၊ ဒေသတစ်ခုမှာ စီးပွားရေးအဆင်ပြေမယ်ဆိုရင် ပညာရေး၊ ကျန်းမာရေးလည်း အဆင်ပြေလာမယ်လို့ ထင်ပါတယ် ခင်ဗျ၊ ဒါကြောင့်ဒီလုပ်ငန်းတွေကို တိုးချဲ့ပြီးတော့လုပ်ကိုင်သင့်တယ်လို့ မြင်မိပါတယ်ခင်ဗျ၊
မေး။ ထုတ်ကုန်တွေရဲ့ ပစ္စည်းဈေးနှုန်းတွေက ဘယ်လိုရှိပါလဲရှင့်။
ဖြေ။ ဈေးနှုန်းတွေကတော့ ရာသီအလိုက် ဒီရေအတက်အကျနဲ့ မိုးရာသီ၊ နွေရာသီနဲ့ ပွင့်လင်းရာသီအလိုက် ဈေးနှုန်းတွေ ကွာပါတယ်ခင်ဗျ၊ ပွင့်လင်းရာသီဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေးက ပိုလွယ်ကူတော့ ပိုလို့ရောင်းရပါတယ်၊ အဲ့တော့ ဈေးလည်းနည်းနည်းမြင့်တယ်၊ မိုးရာသီဆိုရင် ဈေးနည်းနည်း သက်သာတယ်လို့ သိရပါတယ်ခင်ဗျ၊ ကန်ပုဇွန်ခြောက်ကတော့ ဈေးအမြင့်ဆုံးပေါ့၊
မေး။ MSME လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့နဲ့ ပြည်တွင်းထုတ်ကုန်အဖြစ် ဆောင်ရွက်လိုတဲ့ ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ အဓိကတော့ ဒီလုပ်ငန်းတွေက မြို့ပေါ်မှာလူတိုင်းလည်းလုပ်နေကြတယ်ဆိုပေမယ့် ကျွန်တော့်အမြင်နဲ့က သိပ်ပြီးတော့တွင်ကျယ်နေတာမျိုး မရှိတာကျတော့ ဆိုရှယ်မီဒီယာမှာ လိုနေတယ်လို့မြင်တယ်၊ ကျွန်တော်ကဒီလုပ်ငန်းကို စလုပ်ခဲ့တာလည်း လိုင်းပေါ်မှာသေသေချာမလုပ်ဘဲ ရောင်းနေတာမြင်တော့ ဘရင်းတစ်ခုအနေနဲ့ ရှေ့ဆောင်လမ်းပြ သေသေချာချာလုပ်ချင်တယ်၊ SME လုပ်နေတဲ့လူတွေ အကုန်လုံး Marketing ကောင်းကောင်းလေးလုပ်စေချင်တယ်၊ အဲ့လိုလုပ်တဲ့ အခါမှာ ပိုပြီးတော့လူသိများတယ်၊ တွင်ကျယ်သွားတယ်ပေါ့၊ လူတိုင်းက အွန်လိုင်းပလက်ဖောင်းပေါ် မှာရှိနေတာဆိုတော့ ဒါကို ကောင်းကောင်း အသုံးချနိုင်မယ်ဆိုရင် အကျိုးရှိမယ်လို့ မြင်ပါတယ်ခင်ဗျ။
မေး။ မောင်လေးအနေနဲ့ ပလတ်စတစ်အိတ်တွေအစား Sustainable Biodegradable Packaging ပုံစံလေးကို ပြောင်းလဲအသုံးပြုတဲ့ပုံစံလေး သိချင်ပါတယ်ရှင့်။
ဖြေ။ စစချင်းတုန်းကတော့ ကျွန်တော်တို့ဒီ Sustainable Biodegradable Packaging သဘာဝ ကွမ်းဖက်ဘူးတွေကို တောင်ငူကနေ မှာပြီးတော့သုံးတယ်ခင်ဗျ၊ အသုံးပြုသူတွေများလာရင်တော့ ဒီမှာထုတ်လုပ်ဖို့ရှိပါတယ်၊ ကျွန်တော်က အရင်တည်းက ပလတ်စတစ်ကိုအသုံးပြုမှုနည်းပါတယ်၊ ပထမတစ်လမှာ စရောင်းတုန်းက ပလတ်စတစ်အိတ်ခွံ wave ၄၀၀ ကျော်လောက် ထွက်သွားပါ တယ်၊ အဲ့ဒီမှာ ကျွန်တော်တော်တော်စိုးရိမ်မိသွားတယ်၊ ဒီတော့ ပလတ်စတစ်အသုံးပြုမှုလျော့ချဖို့အတွက် ကျွန်တော် အွန်လိုင်းပေါ်မှာရှာကြည့်ရင်း ဒီSustainable Biodegradable Packaging သဘာဝ ကွမ်းဖက်ဘူးတွေ လုပ်တဲ့လုပ်ငန်းကို သတိရသွားပြီးတော့ ကျွန်တော်လိုချင်တဲ့ Size အတိုင်းရမလားလို့ သွားမေးလိုက်တယ်၊ အဲ့တော့ သူကလည်း ရမယ်ဆိုတော့ သဘာဝကွမ်းဖက်ဘူး တွေနဲ့ သုံးဖြစ်သွားတယ်၊ ရေထွက်လုပ်ငန်းဆိုတာက ပင်လယ်ကြီးကို အမှီပြုပြီးလုပ်ရတာဆိုတော့ ဒီပလတ်စတစ် Wave တွေဟာလည်း ပင်လယ်ထဲကိုဘဲရောက်တယ်၊ ဒီတော့ ဇီဝဂေဟစနစ်ဟာ ဒီပလတ်စတစ် Wave ကြောင့် ထိခိုက်တာတွေအများကြီးရှိတယ်၊ အခုနောက်ပိုင်းဆိုရင် ပင်လယ်ထဲ သို့ ပလတ်စတစ်တင်မက ဓာတုပစ္စည်းတွေ၊ Wave တွေရောက်ရှိတာကြောင့် အထူးသဖြင့် ငါးဖမ်းသမားတွေအတွက် အရင်တုန်းကလောက် ငါးတွေမဖမ်းနိုင်တာတွေ၊ ရေနေသတ္တဝါတွေ သေကြေတာတွေရှိတယ်၊ အခုမသိသာပေမယ့် နောက်ပိုင်းကျရင် သိပ်ပြီးထုတ်နိုင်မယ်မထင်တော့ ဘူး၊ အဲ့ဒါကြောင့်မို့ ဘယ်သူမှမပြောင်းရင်တောင် ကိုယ်ကအရင်စပြီးတော့ပြောင်းမယ်၊ ဒီနေရာမှာလည်း ကျွန်တော်က အားလုံးပါဝင်လာအောင်အတွက် ဆိုပြီးတော့ ကွမ်းဖက်ဘူးတွေနဲ့ယူမယ်ဆိုရင် ဈေးကိုလျော့ပေးတယ်၊ အဓိကကတော့ အကုန်လုံး ပလတ်စတစ်ကိုလျော့သုံးစေချင်တယ်၊ ကျွန်တော်တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ ဒေသတစ်ခုလုံး ကလည်း လိုက်လုပ်စေချင်တယ်၊ အဲ့ဒါမှလည်း ရာသီဉတုပြောင်းလဲမှုတွေကိုလည်း လျော့ချနိုင်မယ်လို့ မြင်တယ်ခင်ဗျ၊
မေး။ မောင်လေးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။
ဖြေ။ ကျွန်တော်တို့ ဒီ သန္တာမြေ ရခိုင်ဒေသထွက်ကုန် လုပ်ငန်းဟာ အဓိက ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းလို့ ဆိုရမှာဘဲခင်ဗျ၊ ဘာလို့လဲဆိုတော့ ကိုယ်တိုင်က ရေထွက်ကုန်ပစ္စည်းတွေကို ထုတ်လုပ်နေတာ မဟုတ်ဘူး၊ ထုတ်လုပ်နိုင်ခြေလည်း ကျွန်တော်တို့မှာ မရှိသေးတဲ့အတွက် ဒီဒေသမှာ လုပ်ကိုင်နေတဲ့ ရေလုပ်ငန်းရှင်တွေဆီကနေ ရေထွက်ပစ္စည်းတွေကိုယူပြီး သူတို့လုပ်ငန်းကို တွင်ကျယ်အောင် ဆိုရှယ်မီဒီယာမှာဖြန့်ချီပြီးတော့ ဝန်ဆောင်မှုပေးနေတာဖြစ်တယ်၊ ကုန်ကြမ်းများများရနိုင်ရင်တော့ ကျွန်တော် က Production ကောင်းကောင်းနဲ့ ကုန်ချောထုတ်ပြီး Export Quality ထုတ်လို့ ပြည်ပဈေးကွက်ပို့ချင်တယ်၊ နိုင်ငံခြားမှာလည်း ကျွန်တော်တို့မြန်မာတွေ အများကြီးရှိတော့ ဒီကမှာမှာပြီး စားနေကြတော့ Export Quality အထိလည်း ထုတ်ချင်တယ်၊ နောက်တစ်ခုက ဒီလုပ်ငန်းကိုလုပ်သွားရင်းနဲ့ ဒီကရလာတဲ့ အမြတ်အစွန်းနဲ့ လူငယ်တွေအတွက် ဒေသထွက်ကုန်လုပ်ငန်းကို ဘယ်လိုမြှင့်တင်ရမယ်၊ မြှင့်တင်ဖို့ အတွက် ပညာအရည်အချင်းတွေက ဘာတွေဖြည့်စွက်ရမယ်ဆိုတဲ့ဟာတွေကို ဒီအမြတ်အစွန်းထဲက လုပ်ပေးသွားချင်တယ်၊ အသစ်အသစ်သော Project တွေလည်းလုပ်ပေးသွားဖို့ရှိတယ်ခင်ဗျ၊ ဒီဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသစ်အသစ်သော နည်းပညာတွေနဲ့ အပင်စိုက်တာတွေကိုလည်း လုပ်ပေး သွားဖို့ရှိပါတယ်ခင်ဗျ၊
သန္တာမြေ ရခိုင်ထွက်ကုန်လုပ်ငန်းနှင့် ပတ်သက်၍လည်း ကျောက်ဖြူခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုမြင့်အား ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ဆရာမရှင့်၊ ကျောက်ဖြူခရိုင်အတွင်းမှာ MSME လုပ်ငန်း ဘယ်နှစ်ခုလောက်ရှိပါသလဲရှင့်။
ဖြေ။ ဟုတ်ကဲ့ရှင့်၊ ကျွန်မတို့ကျောက်ဖြူခရိုင်အတွင်းမှာ MSME လုပ်ငန်း ၂၂၄ ခုရှိပါတယ်ရှင့်။
မေး။ ဆရာမတို့ဌာနအနေနဲ့ MSME လုပ်ငန်းတွေကို ဘယ်လိုများဆောင်ရွက်နေပါသလဲရှင့်။
ဖြေ။ ကျွန်မတို့ရဲ့ ဌာနအတွင်းမှာပေါ့လေ Stept Business ခုမှစနေတဲ့ လုပ်ငန်းကလေးတွေကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးဖို့အတွက် လုပ်ငန်းတာဝန်တစ်ရပ်လည်း ပါဝင်ပါတယ်ရှင့်၊ ဒါကြောင့်လည်း သန္တာမြေ ရခိုင်ထွက်ကုန်လုပ်ငန်းဟာဆိုရင် Stept Business လေးတစ်ခုဖြစ်ပါ တယ်၊ ဒီသန္တာမြေ လုပ်ငန်းဟာဆိုရင်ဖြင့် ရေထွက်ပစ္စည်းတွေဖြစ်တဲ့ ပုဇွန်ခြောက်၊ ငါးခြောက်၊ ငါးမုန့်၊ ငပိ စတဲ့ထွက်သမျှ ရခိုင်ဒေသထွက်ကုန်တွေကို မြန်မာပြည်အနှံ့ရောင်းချနေပါတယ်ရှင့်၊ ကျွန်မတို့အနေနဲ့ Stept Business ထုတ်ကုန်လေးတွေထုတ်နေတဲ့ လုပ်ငန်းရှင်တွေကို အောင်မြင်အောင် ပံ့ပိုးပေးပါတယ်ရှင့်ဟု သန္တာမြေ ရခိုင်ဒေသထွက်ကုန်လုပ်ငန်းရှင် ဦးငြိမ်းချမ်းကျော်နှင့် တွေ့ဆုံမေးမြန်းမှုအား တင်ပြလိုက်ပါသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း