မိတ္ထီလာ စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မိုးနေကြာစိုက်ဧက ၂၀၅၀ စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံမှာ စိုက်ပျိုးထုတ်လုပ်မှု စရိတ်နည်းပါးခြင်း၊ စိုက်ပျိုးပြီးပါက ပျက်စီးမှုနည်းပါးခြင်း၊ အထွက်နှုန်းနှင့် တစ်ဧက ဆီထွက်နှုန်း ကောင်းမွန်ခြင်းတို့အပြင် သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ဒေသခံ တောင်သူများ နေကြာသီးနှံကို မိုးဦးနှင့် မိုးနှောင်းရာသီတို့တွင် ပိုမိုစိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း မိုးနေကြာစိုက်ပျိုးရန် စိုက်ပျိုးဧက ၁၃၄၇ ဧက လျာထားသတ်မှတ်ပြီး မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးမှ ကြီးကြပ်ပြီး စိုက်ပျိုးရေး ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ အထွက်နှုန်းကောင်းမွန်သည့် နေကြာမျိုးများကို စိုက်ပျိုးခြင်း၊ အထူးဇုန်စံပြကွက်များ စိုက်ပျိုးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထူးဇုန်စံပြကွက် ဧက ၁၀၀ ကို ကွက်ငယ်ကျေးရွာအုပ်စုတွင် တောင်သူ ၂၇ ဦးမှ စိုက်ဧက ၅၅ ဧကနှင့် ရေချိုကျေးရွာအုပ်စုတွင် တောင်သူ ၁၇ ဦးမှ စိုက်ဧက (၄၅) ဧက တို့ကို စိုက်ပျိုးထားရှိသည်။ ၎င်းအပြင် မြို့နယ်အတွင်း အထွက်နှုန်းကောင်းသည့် ဆင်းရွှေကြာ-၂ ၊ရေဆင်း(၁)တို့ကို စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးနေကြာ စိုက်ဧက ၂၀၅၀ စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(ပြန်/ဆက်)