မုဒုံ စက်တင်ဘာ ၂၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အမျိုးသမီးအားကစားအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့် အေရိုးဗစ်အားကစားနည်းဆင့်ပွားသင်တန်းဆင်းပွဲကို ယမန်နေ့ကမြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် မြို့နယ်များတွင် အခြေခံသည့်အတွက် သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး ကျန်းမာသန်စွမ်းသည့် အမျိုးသမီးထုဖြစ်စေရန် အားကစားလှုပ်ရှားမှုများတွင် ပါဝင်ကာ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ဉာဏ်ပညာ၊ စိတ်ပိုင်းဆိုင်ရာနှင့်စာရိတ္တဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုစသည့် ကောင်းခြင်းများရရှိစေရန် စဥ်ဆက်မပြတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုသင်ကြားပေးလိုက်သည့် အခြေခံကောင်းများကိုလည်း ဆက်လက်ကြိုးစားလေ့ကျင့်စေ၍ စာသင်ကျောင်းများတွင် အေရိုးဗစ်အားကစားနည်းပြန့်ပွားအောင် ဆောင်ရွက်ကြစေလိုကြောင်း သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများကသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ နည်းပြဆရာမများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကာ သင်တန်းသူများမှ အေရိုးဗစ်အားကစားနည်း သရုပ်ပြသခဲ့သည်။
အဆိုပါသင်တန်းကို ငါးရက်ကြာဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသူဆရာမ(၂၀၃)ဦး၊ ကျောင်းသူ(၆၃)ဦး စုစုပေါင်း(၂၆၆)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)