ပင်လောင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း အသိပေးရှင်းလင်း

ပင်လောင်း အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အမျိုး သမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ  အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင် ထည့်သွင်းခြင်း အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀နာရီ က မြို့နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့် က အမှာစကားပြောကြားပြီး၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေး က ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု အခြေအနေများ၊ အိတ်ချ်ပီဗီ (Human Papillomavirus) နှင့် သားအိမ်ခေါင်းကင်ဆာရောဂါများ ဆက်နွယ်မှု အခြေအနေ၊ သားအိမ်ခေါင်း ကင်ဆာ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲပြဿနာများ၊ အိတ်ချ်ပီဗီ ကာကွယ်ဆေးအကြောင်းများ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ခြင်း၊ ကုသခြင်းနှင့် အိတ်ချ်ပီဗီ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ၊ ကာကွယ်ဆေးအပြည့်အဝရရှိရန် (၂)ကြိမ်ထိုးနှံပေးဖို့ လိုအပ်ကြောင်း  ရှင်းလင်းပြောကြားသည်။

အသိပေးရှင်းလင်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် နောင်တရားမြို့၊ ပေါင်းလောင်းမြို့၊ တီကျစ်၊ ဆောင်းပြောင်း တိုက်နယ်ဆရာဝန်များ၊ ကျေးလက်ကျန်းမာရေးဌာနများမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြပြီး၊ အိတ်ချ်ပီဗီ ကာကွယ်ဆေးကို အသက် (၉)နှစ်မှ(၁၀)အထိ မိန်းကလေးများအား အောက်တိုဘာ (၂၀)ရက်နေ့တွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ တိုက်နယ် ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများ၌ စတင်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ခွန်အာကာစိုး(ပင်လောင်း)