တာချီလိတ် စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်၉နာရီက အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း) ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးသန်းဇော်ဦးနှင့် ကျောင်းအုပ်ဆရာကြီး ဦးလှမျိုးတို့က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်စကားဝိုင်း ကျင်းပသည့် ရည်ရွယ်ချက်ကို ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်နှင့် အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)မှ ဆရာဦးဇော်မင်းတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ Grade 12 ကျောင်းသား မောင်ဘုန်းသက်နိုင်ဦးက “လူငယ်နှင့်ကျန်းမာရေး”၊ ကျောင်းသူ မနန်းသီရိမြတ်နိုးက “လူငယ်နှင့် အောင်မြင်ရေး”နှင့် မဆုလဲ့ရည်က “လူငယ်နှင့်စာဖတ် ခြင်း”၊ Grade 11 ကျောင်းသား မောင်ရဲထွေးက “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ Grade 10 ကျောင်းသား မောင်ဇင်မင်းအေးက “လူငယ်နှင့်ပညာရေး”စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကာ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများ၏ သိရှိလိုသော မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)