မှော်ဘီမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

မှော်ဘီ စက်တင်ဘာ ၂၆

“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများပြည့်စုံ ကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြောင်းတကာ) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အဖွင့်အမှာစကားအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အင်းစိန်ခရိုင် ရုံးမှဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်ကလူငယ်စကား ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားရာတွင် “လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာ ဗဟုသုတတွေပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်းတစ်ဦးနှင့်တစ်ဦး အသိပညာတွေဖလှယ်ကြရာမှာ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များ၏ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားကာ မှော်ဘီမြို့နယ် Book Club အသင်းအတွင်းရေးမှူး စာရေးဆရာဝင်းနွယ် (ပုသိမ်) က အမှာစကားပြော ကြားပြီးလူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး အခြေခံပညာ အထက်တန်းကျောင်း (မြောင်းတကာ)မှ ကျောင်းသား/သူလေးများက လူငယ်နှင့် အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ယဉ်ကျေးမှု၊လူ ငယ်နှင့်စာပေ၊လူငယ်နှင့်ကျန်းမာရေး၊လူငယ်နှင့် နည်းပညာစသည့် ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြား‌ပေးခဲ့ကြပြီး အ.ထ.က(မြောင်းတကာ) ကျောင်းမှကျောင်းအုပ် ဆရာမကြီးဆရာမ ဒေါ်မြင့်သန်းဦးကကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက ပြသထားသောလူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များနှင့် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှားပစ်ခြင်း၊ စက်ဝိုင်းလှည့်ခြင်း စသည့်ကစားနည်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်