သထုံ စက်တင်ဘာ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအရ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှပြုလုပ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ(ဖျော်ရည်)သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဇာကဒွန်းကျေးရွာရှိ မဂဒူးခန်းမ၌ စတင်ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်မြတ်အေးက ယခုသင်တန်းသည် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၏ “အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း”တွင်ပါဝင်သည့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းဖြစ်ကြောင်း ရှင်းလင်းအမှာစကားပြောကြားပြီး သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား/သူ(၁၅)ဦးတို့ တက်ရောက်ကြပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပြများက ဈေးကွက်ဝင် သီးနှံအခြေခံဖျော်ရည်ထုတ်လုပ်နည်းများကို စက်တင်ဘာလ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ(၅)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ၎င်းသင်တန်းပြီးစီးပါက လုပ်ငန်းထူထောင်လိုသူ(၅)ဦးကိုစိစစ်ရွေးချယ်၍ တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသည့် ဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်